The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ပတ်သက်လို့ မချိတင်ကဲဖြစ်နေတဲ့ ကွန်ပနီ

ဘိုင်ယန်မြူးနစ်က ဆန်စီရိုမှာ အင်တာမီလန်ကို သရေကစားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး နည်းပြကွန်ပနီကိုယ်တိုင်လည်း ကွာတားဖိုင်နယ်မတိုင်ခင် သူ့အသင်းကို ထိခိုက်စေခဲ့တဲ့ ဒဏ်ရာပြဿနာအကျပ်အတည်းနဲ့ပတ်သက်လို့ တုံ့ပြန်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းအဝေးကွင်းနှစ်ကျော့လုံးမှာ အဓိကကစားသမားတွေကို လက်လွှတ်ခဲ့ရပြီး ဒီနေ့မနက်ပိုင်း၊ နှစ်ဂိုးစီသရေရလဒ်မထွက်ပေါ်ခင် လွန်ခဲ့တဲ့သီတင်းပတ်၊ အိမ်ကွင်းပွဲစဉ်မှာ နောက်ကျပေးဂိုးနဲ့အတူ ၁-၂ ဂိုးဖြင့် အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ကွန်ပနီက “ အင်တာမီလန်နဲ့ မရင်ဆိုင်ခင် ဒဏ်ရာတွေက အကြီးမားဆုံးပြဿနာဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဟီရိုကီအီတို၊ အူပါမီကာနို၊ မူစီယာလာ၊ နူအာ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ကိုးမန်း၊ ပက်ဗ်လိုဗစ်တို့ မပါဝင်ဘဲ ကျွန်တော်တို့လုပ်နိုင်မယ့်အရာအပေါ် နားလည်ထားဖို့ လိုအပ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုလိုဒဏ်ရာပြဿနာတွေရှိနေပေမယ့် ကွန်ပနီရဲ့အသင်းက အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ နှစ်ကျော့လုံးမှာ ပုံစံကောင်းပြသခဲ့ပြီး ပြိုင်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက အိမ်ကွင်းအလိုင်းယန့်ဇ်အရီနာမှာ ကျင်းပမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ မပါဝင်နိုင်တော့ပါဘူး။ ကွန်ပနီက “ ပထမပွဲစဉ်မှာ ကျွန်တော်တို့တွေ ကောင်းမွန်တဲ့ဘိုင်ယန်မြူးနစ်အသင်းကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်တွေအကြောင်း ပြောချင်တာမဟုတ်ပါဘူး။ မီလန်မြေဒုတိယအကျော့မှာလည်း ကျွန်တော်တို့ အပေါင်းလက္ခဏာဆောင်တဲ့စွမ်းရည်တစ်ခု ပြသခဲ့ပါတယ်။

ကျွန်တော်တို့က အင်တာမီလန်ထက် ဂိုးကန်သွင်းခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်တွေ ရောထွေးနေပါတယ်။ စစ်မှန်တဲ့အမှန်တရားကတော့ ကျွန်တော်တို့တွေ အိမ်ကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မကစားရတော့ပါဘူး။ ဒါကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး။ အခြားရှုထောင့်အရကြည့်မယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းပေါ့။ ဒီပွဲစဉ်တွေမှာ အနိုင်ရရှိအောင် ကျွန်တော်တို့ လုံလုံလောက်လောက်စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာ သိကြပါတယ်”လို့ ဆိုပါတယ်။

ဒဏ်ရာပြဿနာအကျပ်အတည်းမှာ များပြားလှတဲ့ပွဲစဉ်ဇယားရေးဆွဲမှုက အကြောင်းရင်းတစ်ရပ်ဖြစ်မလားလို့ မေးမြန်းလာမှုကို ကွန်ပနီက “ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော် ဆုံးဖြတ်ပေးလို့ မရပါဘူး။ နောက်ထပ်ပွဲစဉ်တွေများစွာ ထည့်သွင်းလာခြင်းက ခရီးလမ်းကို ရှည်လျားစေပြီး ကစားသမားတွေကို လက်လွှတ်ထားရချိန် ကျွန်တော်တို့အတွက် ဖိအားတွေ တိုးပွားစေပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။