The network connection is lost.

Banner Image

မော်ရိုကိုအသင်းနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အပေါ် အပြည့်အ၀အာရုံစိုက်ထားဖို့ ကနေဒါအသင်းဆီ တိုက်တွန်းလိုက်တဲ့ ဂျက်စီမတ်ရှ်

ဒီည၊ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အားနည်းချက်လုံး၀မရှိတဲ့ မော်ရိုကိုအသင်းကို ရင်ဆိုင်ဖို့အတွက် ခံစစ်ကို အားစိုက်ကာကွယ်နိုင်ရန် လိုအပ်သလို ပြိုင်ဘက်အပေါ် အနီးကပ်လူကပ်ကစားဖို့လည်း အသင့်ပြင်ထားရမယ်လို့ ကနေဒါနည်းပြဂျက်စီမတ်ရှ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

မော်ရိုကိုအသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့အစွမ်းအစတွေကို ကောင်းကောင်းပြသထားနိုင်သလို ကွင်းလယ်ကစားပုံလည်း အလွန်ကောင်းမွန်တယ်လို့ သူက ဆိုပါတယ်။ ကွင်းထဲမှာပါဝင်ကစားကြမယ့် ကစားသမား ၁၁ ဦးလုံး ချမှတ်ထားတဲ့ အစီအမံအတိုင်း တိတိကျကျ မကစားနိုင်ဘူးဆိုရင် မော်ရိုကိုရဲ့အပြစ်ပေးမှုကို ခံရနိုင်တယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

"ဒါ ကျွန်တော်တို့ မျှော်လင့်ထားတဲ့နေရာဖြစ်သလို ရောက်ချင်နေတဲ့နေရာလည်း ဖြစ်ပါတယ်။ မော်ရိုကိုက ကျွန်တော်တို့လုပ်သမျှ အရာတိုင်းကို စိန်ခေါ်လာနိုင်ပြီး သူတို့မှာ အားနည်းချက်ဆိုတာ လုံး၀မရှိပါဘူး" လို့ ဂျက်စီမတ်ရှ်က ပြောပါတယ်။

"ကျွန်တော်တို့သေချာအာရုံစိုက်ပြီး ကောင်းကောင်းလုပ်နိုင်မယ့်အရာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားရပါမယ်။ အဲဒီအရာတွေက ဒီလိုပြိုင်ဘက်မျိုးကို ဘယ်လောက်အထိ ယှဉ်ပြိုင်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်"လို့ ဆက်ပြောခဲ့ပါတယ်။

ကနေဒါအသင်းရဲ့အခုလိုခြေစွမ်းပြနေမှုကြောင့် နိုင်ငံရဲ့ အားကစားသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့ မော်ရိုကိုနဲ့ရင်ဆိုင်ရချိန် အောင်မြင်မှုတွေ ထပ်ရရှိနိုင်သေးတယ်လို့ ဂျက်စီမတ်ရှ်က ဆိုပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဆင့်မှာ ကနေဒါကို ၂-၁ ဂိုးဖြင့် မော်ရိုကို အနိုင်ရခဲ့ဖူးပေမဲ့ အခုပွဲစဉ်အတွက် လက်စားချေဖို့ဆိုတာမျိုး မစဉ်းစားထားဘူးလို့ ဂျက်စီမတ်ရှ်က ပြောပါတယ်။

"ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ မော်ရိုကိုက ကျွန်တော်တို့ကို နိုင်ခဲ့လို့ အခု ပြန်နိုင်ရမယ်ဆိုတဲ့ စိတ်မျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အခုက အချိန်အခါလည်း မတူတော့ဘူး။ အသင်းတွေလည်း မတူတော့သလို အခြေအနေလည်း လုံးဝကွဲပြားသွားပါပြီ။ ကျွန်တော်တို့ကတော့ အကောင်းဆုံးရလဒ်ရရှိဖို့အတွက် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားပါမယ်" လို့ သူက ဆိုပါတယ်။

ကနေဒါအသင်းက အခုပြိုင်ပွဲမှာ သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားနိုင်ပွဲနဲ့ ရမှတ်ကို ရှာဖွေထားနိုင်ပါတယ်။ မော်ရိုကိုနဲ့ပတ်သက်လို့လည်း ယုံကြည့်မှုအပြည့်ကစားလေ့ရှိတဲ့ပြိုင်ဘက်အဖြစ် ဂျက်စီမတ်ရှ်က အသိအမှတ်ပြုထားပါတယ်။

ဒါပေမဲ့ အသင်းရဲ့ အဓိကကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ် ပြန်လည်ပါဝင်လာမှုကြောင့် ကနေဒါအတွက် အားတက်စရာ ဖြစ်စေပါတယ်။ တောင်အာဖရိကကို အနိုင်ယူခဲ့တဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ပွဲချိန် ၇၅ မိနစ်မှစတင်လို့ အယ်လ်ဖွန်ဆိုဒေးဗီးစ် လူစားဝင်ကစားခဲ့ပြီး အခုပွဲမှာလည်း ပါဝင်နိုင်မယ်လို့ ဂျက်စီမတ်ရှ်က အတည်ပြုပါတယ်။

"ဒါ ဘယ်လောက်အရေးကြီးတဲ့အချိန်လဲဆိုတာ ကစားသမားတွေ သိကြပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။