ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်လို့ လီဗာပူးကို ပြစ်တင်ဝေဖန်လိုက်တဲ့ ဂျာမနီနည်းပြနာဂယ်စ်မန်း
ဂျာမနီနည်းပြနာဂယ်စ်မန်းက လီဗာပူးမှာ အထနှေးနေတဲ့ ဖလော်ရီယန်ဝစ်ဇ်အတွက် အကြံဉာဏ်တစ်ခု ပေးပို့ခဲ့ပါတယ်။ လီဗာပူးက အခုနှစ်၊ နွေရာသီကာလအတွင်း လေဗာကူဆင်ငယ်မွေးခြံပေါက် အသက်-၂၂ နှစ်အရွယ်ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် ၁၁၆ သန်းအထိ သုံးစွဲခဲ့ပါတယ်။
လတ်တလောမှာ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင်လည်း ပြောင်းရွှေ့ကြေးနဲ့ကိုက်ညီတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ သူက ဖလားပြိုင်ပွဲတွေမှာ ဂိုးဖန်တီးမှုသုံးကြိမ် စွမ်းဆောင်ထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ အခုလိုပုံစံကောင်းပျောက်ဆုံးနေပေမယ့် ဖလော်ရီယန်ဝစ်ဇ်က အခုလအတွင်း လူဇင်ဘော့၊ ဆလိုဗက်ကီးယားတို့နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရမယ့် ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှာ ပါဝင်လာပါတယ်။
သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် နာဂယ်စ်မန်းက “ အရိုးသားဆုံးပြောရရင် အခြေအနေတစ်ခုလုံးက ဖလော်ရီယန်ဝစ်ဇ်အတွက် မလွယ်ကူလှပါဘူး။ လီဗာပူးကိုယ်တိုင်လည်း ပြီးခဲ့တဲ့နှစ်မှာရှိခဲ့တဲ့ တည်ငြိမ်မှုမျိုး ဒီနှစ်မှာ မရှိထားပါဘူး။ ဒါကြောင့် အခုလိုအချိန်မျိုးမှာ အသင်းဆီပါဝင်ဖို့ဆိုတာ ပိုမိုခက်ခဲပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်မှာဆိုရင် သူတို့တွေ မိနစ် ၉၀ ပြည့် ဆိုးဆိုးရွားရွားဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ဖလော်ရီယန်ဝစ်ဇ်လည်း ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုဖန်တီးပြဖို့ အခက်အခဲရှိခဲ့ပါတယ်။
နောက်ဆုံးတော့ ကစားသမားအတွက် အချိန်အနည်းငယ်ပိုမိုလိုအပ်နေတယ်ဆိုတာပါပဲ။ ဒါက ပုံမှန်ပါ။ ပရီးမီးယားလိဂ်ဆီရောက်ရှိသွားတဲ့ အခြားကစားသမားတွေဆီမှာလည်း အလားတူပုံစံမျိုး မြင်တွေ့ရလေ့ရှိပါတယ်”လို့ ပြောပါတယ်။