
ဂရီးလစ်ရှ်ကို တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူကြောင်း အဲဗာတန်ကြေညာ
အဲဗာတန်အသင်းဟာ မန်ချက်စတာစီးတီးတောင်ပံကြယ်ပွင့် ဂျက်ခ်ဂရီးလစ်ရှ်ကို ၂၀၂၅-၂၆ ဘောလုံးရာသီအတွက် တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူကြောင်း ကြေညာလာခဲ့ပြီး စာချုပ်ပါသဘောတူညီချက်တွေအရ ရာသီကုန်မှာ ကစားသမားကို ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ အပြီးသတ်ဝယ်ခွင့်ရသွားမယ်လို့သိရပါတယ်။
ဂရီးလစ်ရှ်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် လစာသိသိသာသာလျှော့ယူပြီး အဲဗာတန်သို့ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ အင်္ဂလန်သားဟာ အဲဗာတန်မှာ ကလပ်ဂန္ထဝင်တွေဖြစ်ကြတဲ့ ဝိန်းရွန်းနီနဲ့ ပေါလ်ဂတ်ကွင်တို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၈ အင်္ကျီကို ဝတ်ဆင်သွားမယ်လို့ အတည်ပြုထားပါတယ်။
ဂရီးလစ်ရှ်ဟာ မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိရရှိနေခဲ့ပေမယ့် နည်းပြပက်ဂွါဒီယိုလာလက်အောက်မှာ ပုံမှန်နေရာရဖို့ အခွင့်အလမ်းနည်းတာကြောင့် ပုံမှန်နေရာရနိုင်မယ့် အဲဗာတန်သို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ အက်စတွန်ဗီလာကြယ်ပွင့်ဟောင်းဟာ အဲဗာတန်မှာ တိုးတက်မှုတွေပြန်လည်ရှာဖွေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သောမတ်စ်တူချယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။
အဲဗာတန်သို့ပြောင်းရွှေ့ပြီးနောက် ဂရီးလစ်ရှ်က "အဲဗာတန်နဲ့ စာချုပ်ချုပ်ဆိုခွင့်ရလို့ အရမ်းဝမ်းသာမိပါတယ်။ ဒီအပြောင်းအရွှေ့က ကျွန်တော့်အတွက် ကြီးမားပါတယ်။ ဒီအသင်းက ပရိသတ်အင်အားတောင့်တင်းပြီး အရမ်းကောင်းတဲ့အသင်းတစ်သင်းပါ။ မန်နေဂျာနဲ့စကားပြောပြီးနောက်ပိုင်းမှာ ကျွန်တော်ဘာဖြစ်ချင်တယ်ဆိုတာကို သိခဲ့ရပါတယ်"
"ဆိုရှယ်မီဒီယာမှာဆိုရင်လည်း အဲဗာတန်ပရိသတ်တွေက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြပါပြီ။ ဒီအသင်းကိုရွေးချယ်ခဲ့တာ အဲဒါကြောင့်လည်းပါပါတယ်။ ပရိသတ်တွေပေးပို့ခဲ့တဲ့ မက်ဆေ့အတွက် ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သူတို့ရဲ့အားပေးမှုနဲ့ ထိုက်တန်အောင်ပြန်လည်ပေးဆပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္လာနေ့ညမှာတော့ အဲဗာတန်ဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လိဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂရီးလစ်ရှ်တစ်ယောက်အဆိုပါပွဲစဉ်မှာပဲ အဲဗာတန်ကစားသမားဘဝ ပွဲဦးထွက်ကို စတင်ကစားသွားနိုင်ဖွယ်ရှိပါတယ်။