
ရာသီကုန်မှာ မိုဆာလက် အသင်းမှထွက်ခွာသွားနိုင်တယ်လို့ သတိပေးလိုက်တဲ့ လီဗာပူးကစားသမားဟောင်း
မိုဆာလက်အနေဖြင့် လီဗာပူးအသင်းရဲ့လေးစားမှုလုံလုံလောက်လောက် မရရှိထားသလို အသင်းနဲ့အတူ ဆက်ရှိနေဖို့ထက် ထွက်ခွာဖို့သာ အတော်လေးနီးစပ်လာပြီလို့ အီဂျစ်ကြယ်ပွင့်ရဲ့ကလပ်အသင်းဖော်ဟောင်း လိုဗရန်က ယုံကြည်နေပါတယ်။
လီဗာပူးနောက်ခံလူဟောင်းလိုဗရန်က မိုဆာလက်နဲ့ သုံးရာသီကြာတွဲဖက်ကစားခဲ့ဖူးပြီး အီဂျစ်သားနဲ့ အခုအချိန်အထိ အဆက်အသွယ်မပြတ်ရှိနေဆဲပဲလို့ ပြောပါတယ်။ မိုဆာလက်ရဲ့လတ်တလောစာချုပ်သက်တမ်းနဲ့ပတ်သက်လို့ ဆွေးနွေးချိန်မှာလည်း သူက ကိစ္စအတော်များများကို သိရှိထားပါတယ်လို့ ထပ်လောင်းပြောကြားခဲ့ပြီး အခုနွေရာသီမှာ အီဂျစ်သားဟာ အန်ဖီးလ်မှ ထွက်ခွာသွားလိမ့်မယ်လို့ ယူဆနေခဲ့ပါတယ်။ဆက်လက်ပြီး သူက လီဗာပူးအသင်းအနေဖြင့် ကွင်းတွင်းမှာ မိုဆာလက်ဆက်ရှိနေနိုင်အောင် လုပ်ခလစာတိုးမြှင့်ပေးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
လိုဗရန်က “ကျွန်တော်တို့အချင်းချင်း အဆက်အသွယ်ရှိနေတုန်းပါပဲ။ အမှန်ပါပဲ၊ ကျွန်တော်တို့တွေ အခုအချိန်အထိ စကားတွေပြောဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိစ္စအတော်များများကို သိရှိထားတာကြောင့် အခုပြောမယ့်စကားတွေကို သတိထားပြီးပြောသွားရပါမယ်။ အရိုးသားဆုံးပြောရရင် ကိန်းဂဏန်းပမာဏအတိအကျတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် မိုဆာလက်က သူတောင်းဆိုသမျှအရာတွေနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ရိုးရှင်းပါတယ်၊ ဒီလူက ကွင်းတွင်းမှာ သူ့အလုပ်ကို လုပ်နိုင်နေဆဲဖြစ်လို့ပါပဲ။
သူ့ရဲ့အသက်အရွယ်ကို မကြည့်လိုက်ပါနဲ့။ အချို့လူတွေက သူ့ကို အသက်-၃၃ နှစ်အရွယ်ရှိပြီလို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် စီရော်နယ်လ်ဒိုကို ကြည့်လိုက်ပါ၊ အသက်-၄၀ အရွယ်အထိ ဘောလုံးကစားနေပါတယ်။ မိုဆာလက်လည်း ဂိုးတွေသွင်းယူပေးနေပါတယ်။ သူ့ဆီမှာ စိတ်ဓါတ်ခိုင်မာအားကောင်းမှုနဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ကျန်းမာမှု ရှိပါတယ်။ သူက နိုင်ငံ့လက်ရွေးစင်အသင်းအတွက်လည်း ကစားနေတုန်းပါပဲ။ ဒါဆို ဘာပြဿနာရှိနေသေးရတာလဲ? သူက စီရော်နယ်လ်ဒိုထက်ဆိုရင် ရှစ်နှစ်၊ ကိုးနှစ်လောက် ငယ်ရွယ်ပါတယ်။ ဒါဆို မိုဆာလက်အတွက် ပြဿနာက ဘာဖြစ်မလဲ? ဘယ်သူမှ အဖြေမပေးနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပုစ္ဆာအတွက် အဖြေရှာဖို့ အခက်တွေ့နေပါတယ်။
အခုထက်ပိုပြီးအသေးစိတ်ကျကျပြောလို့တောင် ရပါသေးတယ်။ မိုဆာလက်က ကလပ်သင်းဘက်မှာ လွဲမှားပျောက်ဆုံးနေတဲ့အရာတွေရှိတယ်လို့ ယုံကြည်နေပါတယ်။ ကျွန်တော်ကတော့ သူတို့တွေ ဒီပြဿနာကို မကြာခင်ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ မိုဆာလက်က အသင်းမှာ ဆက်ရှိနေဖို့ထက် ထွက်ခွာသွားဖို့သာ ပိုပြီးနီးစပ်နေပါတယ်။ လူတိုင်းလည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်သလို ကျွန်တော်ကိုယ်တိုင်လည်း ဆက်ရှိစေချင်ပါတယ်။တစ်နေ့တုန်းကတောင် ကျွန်တော် သူ့ဆီဖုန်းဆက်ပြီး ‘မိုဆာလက်ရေ၊ မင်းအတွက်လည်း မင်းစဉ်းစားပါဦး။ မင်းဘက်က ဒီကလပ်အသင်းအတွက် လုပ်ပေးခဲ့သမျှအရာတွေနဲ့ လုပ်ပေးနိုင်သေးတဲ့အရာတွေကို ပြန်ကြည့်လိုက်ပါ’လို့ ပြောခဲ့ပါတယ်။
အဆုံးမှာတော့ ကလပ်အသင်းဘက်က မိုဆာလက်အပေါ်မှာ လုံလောက်တဲ့လေးစားမှုမျိုးမရှိဘူး သို့မဟုတ် သူတို့တွေးထားသလောက်တော့ မဟုတ်သေးဘူးလို့ပဲ ကျွန်တော် ကောက်ချက်ချလိုက်ပါတယ်။ ဒါပေမယ့် အခုကိစ္စတွေက ကန့်လန်ကာနောက်ကွယ်မှာ ဖြစ်နေတဲ့အရာတွေပါပဲ။ ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်လိုက်မယ်ဆိုရင် မိုဆာလက်လိုစွမ်းဆောင်နိုင်တဲ့ကစားသမားမျိုး မရှိဘူးဆိုတာ လူတိုင်းလည်း လက်သင့်ခံကြပါလိမ့်မယ်။ အခုဘောလုံးရာသီမှာတောင် မဟုတ်ပါဘူး၊ ငါးရာသီ-ခြောက်ရာသီဆက်လောက် ဖြစ်နေပါပြီ။ ဒါတွေက အံ့အားလောက်ဖွယ်ရာ ကိန်းဂဏန်းအချက်အလက်တွေ မဟုတ်ပါဘူး၊ ရူးလောက်စရာ ကိန်းဂဏန်းအချက်အလက်တွေ ဖြစ်ပါတယ်။
အခုလိုကိန်းဂဏန်းအချက်အလက်တွေ ရှိနေပေမယ့် သူ့အတွက် လုံလောက်တဲ့အာရုံစိုက်မှုမျိုး မရရှိဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ မက်ဆီ သို့မဟုတ် စီရော်နယ်လ်ဒိုသာ ဖြစ်မယ်ဆိုရင် နေ့စဉ်နေ့တိုင်း သူ့ရဲ့စာချုပ်ကို ဘာကြောင့်သက်တမ်းမတိုးပေးတာလဲ၊ သူ့အတွက် သင့်လျော်မယ့် ကမ်းလှမ်းမှုမျိုး ဘာလို့မလုပ်သေးတာလဲဆိုတဲ့ ပြောဆိုမှုတွေကို ကျွန်တော်တို့တွေ နေ့တိုင်း မြင်တွေ့သွားရပါလိမ့်မယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ဘဲ ကျွန်တော့်အမြင်အရ မိုဆာလက်မှာ အခုလိုအာရုံစိုက်ပေးမှုမျိုး မရရှိထားဘူး”လို့ ပြောပါတယ်။
မိုဆာလက်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့လအတွင်း အခုနွေရာသီမှာသက်တမ်းကုန်ဆုံးမယ့် စာချုပ်ကို သက်တမ်းတိုးဖို့ကိစ္စဟာ အလှမ်းဝေးနေဆဲပဲလို့ ပြောခဲ့ပါတယ်။ ရိုးမားကြယ်ပွင့်ဟောင်းက အခုရာသီ၊ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲကစား၊ ၂၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားပြီး ကစားသမားဘဝအကောင်းဆုံးအခိုက်အတန့်ကို ဖြတ်သန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီက မိုဆာလက်အတွက် လီဗာပူးကစားသမားဘဝနောက်ဆုံးရာသီလည်း ဖြစ်သွားနိုင်ပါတယ်။
လီဗာပူးအသင်းနဲ့ မိုဆာလက်တို့အကြား စာချုပ်သစ်ကိစ္စဆွေးနွေးမှုတွေ ဆက်ရှိနေတုန်းမှာပဲ အီဂျစ်သားကတော့ လာမယ့်ဗုဒ္ဓဟူးနေ့မှာကစားမယ့် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ဆီ အာရုံစိုက်နေပါလိမ့်မယ်။