The network connection is lost.

Banner Image

မိုဆာလက်အပေါ် ကာရေဂါရဲ့စက်ဆုပ်ရွံ့ရှာဖွယ်ဝေဖန်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်တဲ့ လီဗာပူးကြယ်ပွင့်ဟောင်း

လီဗာပူးနောက်ခံလူဟောင်းလိုဗရန်က မိုဆာလက်အပေါ် ကာရေဂါရဲ့ဝေဖန်မှုတွေကို တုံ့ပြန်ရာမှာ စကားလုံးတွေကို ချန်လှပ်မထားဘဲ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်မိုဆာလက်က မာဆေးဆိုဒ်ကလပ်အသင်းမှာ ၉ နှစ်တာ ဖြတ်သန်းစဉ်အတွင်း ၄၄၂ ပွဲကစား၊ ၂၅၇ ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်၊ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

ဒီလိုစွမ်းဆောင်နိုင်ခဲ့ပေမဲ့ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အနည်းငယ်သာပြုလုပ်နိုင်ခဲ့လို့ လီဗာပူးနောက်ခံလူဟောင်းကာရေဂါရဲ့ ပြင်းထန်တဲ့ဝေဖန်ပြစ်တင်မှုနဲ့ မကြာခဏဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

WinWin သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ အသင်းဟောင်းမှထွက်ခွာတော့မယ့် တောင်ပံကစားသမားနဲ့ပတ်သက်လို့ လိုဗရန်က "ဒီရာသီမှာ သူတို့တွေ မိုဆာလက်အပေါ် ဆက်ဆံခဲ့ပုံက ကြမ်းတမ်းရုံတင် မဟုတ်ပါဘူး။"

"တကယ်ကို စက်ဆုပ်ရွံ့ရှာဖို့ ကောင်းပါတယ်။ ပြီးခဲ့တဲ့ ရှစ်နှစ် သို့မဟုတ် ကိုးနှစ်လောက်က ဘာလို့ မိုဆာလက်အကြောင်းကို ဒီလို မပြောခဲ့ကြတာလဲ။ ကျွန်တော့်ကို ပြောပြပါဦး... ဟုတ်ပြီ၊ ဘောလုံးရာသီတစ်ခု ခြေစွမ်းမပြနိုင်တာနဲ့ပဲ သူ့ကို နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားဝေဖန်ခဲ့ပါတယ်။ တကယ်တော့ အခြားပြဿနာတွေ အများကြီး ရှိပါသေးတယ်"လို့ ပြောပါတယ်။

အထူးသဖြင့် ကာရေဂါနဲ့ပတ်သက်လို့လည်း လိုဗရန်က " အမှန်တကယ်ပဲ မိုဆာလက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။"

"ဝေဖန်သူအချို့ကတော့ လူအများရဲ့အာရုံစိုက်မှုကို ရရှိဖို့အတွက်သာ လုပ်ဆောင်ကြပါတယ်။ ဒါက သူတို့ဘဝရဲ့အခြားကဏ္ဍတွေမှာ မအောင်မြင်ခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတော့ သူတို့တွေ ကောင်းကောင်းလုပ်ပြနိုင်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ကာရေဂါက ပြောချင်ရာလျှောက်ပြောနေတာပါပဲ။"

"ဒီစကားတွေကို မိုဆာလက်နဲ့မျက်နှာချင်းဆိုင် သွားပြောသင့်တယ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ ဘယ်တော့မှ အဲဒီလို မပြောရဲပါဘူး။ ဘယ်တော့မှလည်း ပြောရဲစရာမရှိဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော့်ကိုလည်း အဲဒီလို မပြောခဲ့ဖူးလို့ပါပဲ။"

"ကျွန်တော့်အကြောင်းကိုလည်း သူမကောင်းပြောခဲ့ဖူးပေမဲ့ ကျွန်တော့်မျက်နှာချင်းဆိုင်မှာတော့ ဘာမှ မပြောခဲ့ပါဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ၊ သူက တီဗွီမှာ သရုပ်ဆောင်ပြနေပြီး အဲဒီအတွက်လည်း ပိုက်ဆံရနေလို့ အဲ့ဒီအတိုင်းပဲ ဆက်လုပ်နေဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။