The network connection is lost.

Banner Image

ယာဉ်မတော်တဆမှု ဖြစ်လုနီးပါးအထိ ပေါင်နှစ်သိန်းတန်စူပါကားကို မဆင်မခြင်မောင်းနှင်မှုကြောင့် တရားစွဲခံထားရတဲ့ ဂျော်ဒန်ပစ်ဖို့ဒ်

အဲဗာတန်နဲ့ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဂျော်ဒန်ပစ်ခ်ဖို့ဒ်က သူ့ရဲ့ Lamborghini မော်တော်ကားကို ယာဉ်မတော်တဆမှု ဖြစ်လုနီးပါးအထိ မောင်းနှင်ခဲ့တယ်လို့ ဗြိတိန်တရားရုံးတစ်ခုရဲ့ အခုသီတင်းပတ်အတွင်း ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

စပိန်၊ ချက်တို့နဲ့ ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုမှာ နည်းပြသောမတ်စ်တူချယ်က နှစ်ပေါင်းများစွာကြာ ပွဲထွက်ဂိုးသမားနေရာကို ရယူထားတဲ့ ပစ်ဖို့ဒ်ကို ချန်လှပ်ခဲ့ပြီး အဲဗာတန်ကြယ်ပွင့်နေရာအတွက် ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ အစားထိုးခဲ့ပါတယ်။

ဒါပေမဲ့ အသက် ၃၂ နှစ်အရွယ်ဂိုးသမားက ခရိုအေးရှားကို ၀-၇ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပြီး ဒီည၊ ချက်နဲ့ ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိဖို့ တိုက်ပွဲဝင်နေပါတယ်။

အခုလို အသင်းမှာ ပွဲထွက်ခွင့်နေရာအတွက် ပစ်ဖို့ဒ် တိုက်ပွဲဝင်နေချိန်မှာပဲ ပေါင် ၂၀၀,၀၀၀ တန်ကြေးရှိ Lamborghini စူပါမော်တော်ကားကို မဆင်မခြင် မောင်းနှင်းခဲ့ပြီး အခြားမော်တော်ကားနှစ်စီးနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စလည်း အခုသီတင်းပတ်အတွင်းမှာ ပေါ်ပေါက်လာခဲ့ပါတယ်။

အဲဗာတန်အတွက် ၃၃၆ ပွဲနဲ့ အင်္ဂလန်အတွက် ၉၂ ပွဲ ပါဝင်ကစားပေးထားတဲ့ ပစ်ခ်ဖို့ဒ်က လီဗာပူးနဲ့ကစားရမယ့် မာဆေးဆိုဒ်ဒါဘီပွဲစဉ်မတိုင်မီ ၅ ရက်အလိုမှာတင် ရဲတပ်ဖွဲ့ရဲ့ တားဆီးစစ်ဆေးမှုကို ကြုံတွေ့လိုက်ရတာပါ။

သူက ဒီစွဲချက်အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ပြစ်ဒဏ်သက်သာခွင့်အကြောင်းပြချက်တွေကို တင်ပြနိုင်ဖို့ တရားရုံးကြာနာစစ်ဆေးမှုကို တောင်းဆိုခဲ့ပါတယ်။ ချက်ရှိုင်းယားရဲတပ်ဖွဲ့အရာရှိရီကာဒိုကတော့ အခုလို ထွက်ဆိုခဲ့ပါတယ်။

"ကျွန်တော်က Knutsford မြို့၊ Bexton လမ်းပေါ်မှာ မီးပွိုင့်မီးစိမ်းပြတာကို စောင့်ရင်း ကားရပ်ထားခဲ့ပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။ "အဲဒီနောက် Princess လမ်းအတိုင်း မောင်းနှင်လာတဲ့ အပြာရောင် Lamborghini Urus ကားတစ်စီးကို ကျွန်တော် တွေ့မြင်ခဲ့ပါတယ်"

"အဲဒီကားက Toft လမ်းဆုံဆီ ရောက်တဲ့အခါ လမ်းဦးစားပေးမျဉ်းတွေကို လုံးဝလျစ်လျူရှုပြီး Toft လမ်းပေါ်ကို ဝင်ရောက်မောင်းနှင်ခဲ့ပါတယ်။ ဒါကြောင့် အခြားယာဉ်နှစ်စီးက ယာဉ်တိုက်မှုကို ရှောင်လွှဲနိုင်ဖို့ ဘရိတ်ကို အချိန်မီ အပြင်းအထန်နင်းလိုက်ရပါတယ်။ အဲဒီနောက် ဒီ Lamborghini မော်တော်ကားက နတ်စ်ဖို့ဒ်မြို့၊ Toft လမ်းအတိုင်း အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါတယ်" လို့ ဆိုပါတယ်။

ပစ်ခ်ဖို့ဒ်ကတော့ သူ့ရဲ့အမှုကို လျှောက်လဲပြီး ပြစ်ဒဏ်လျှော့ပေါ့စေဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ဒီအမှုကို ချက်စတာတရားရုံး (Chester Magistrates’ Court) မှာ ဒီဇင်ဘာ ၇ ရက် ကြားနာစစ်ဆေးမှုအထိ တရားဝင်ရွှေ့ဆိုင်းခဲ့ပါတယ်။