The network connection is lost.

Banner Image

ဒေါသထွက်နေတဲ့ ဘာစီလိုနာကစားသမားအချို့ဆီ သူ့ရဲ့ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ညွှန်ကြားခဲ့တဲ့ ဟန်စီဖလစ်ခ်

ဆယ်လ်တာဗီဂိုနဲ့ပွဲစဉ်အတွင်း ပွဲကစားချိန်နဲ့ပတ်သက်လို့ ဒေါသထွက်ဟန်ပြသခဲ့တယ်ဆိုတဲ့ ဘာစီလိုနာကစားသမားအချို့ရဲ့တုံ့ပြန်ပုံကို နားမလည်နိုင်ဘူးလို့ ဟန်စီဖလစ်ခ်က ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာက ဆယ်လ်တာဗီဂိုကို ၁-၃ ဂိုးဖြင့် အရေးနိမ့်နေရာမှ ၄-၃ ဂိုးဖြင့် ပြန်လည်အနိုင်ယူခဲ့ပါတယ်။ ဒီနိုင်ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ နည်းပြဟန်စီဖလစ်ခ်က ပွဲကစားချိန်မရရှိခြင်း(သို့မဟုတ်)လူစားလဲလှယ်ခံရခြင်းအပေါ် ကစားသမားအချို့ရဲ့တုံ့ပြန်ပုံဟာ ကျေနပ်ချင်စရာမကောင်းဘူးလို့  ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

Relevo ရဲ့သတင်းတစ်ရပ်မှာတော့ ပွဲကစားချိန်မရရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အန်ဆုဖာတီက ရေသန့်ဘူးတစ်ခုကို ကန်ကျောက်ခဲ့သလို ဖာရန်တောရက်စ်ကလည်း လူစားလဲလှယ်ခံရချိန် လက်ထောက်နည်းပြမားကပ်စ်ဆော့ဂျ်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒီအပြုအမူတွေက ဟန်စီဖလစ်ခ်ကို စိတ်ပျက်စေခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ ကစားသမားတွေ မကျေနပ်ကြဘူးဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးသမားတစ်ဦးဖြစ်ခဲ့ဖူးလို့ သူတို့ကို နားလည်ပေးပါတယ်။ သူတို့အားလုံးက အသင်းရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ဆိုတာနဲ့ အသင်းရဲ့ရည်မှန်းချက်တွေအတွက် သူတို့ ကူညီပေးနိုင်မယ့်ပုံစံကို ပြသချင်ခဲ့တာပါ။ ကျွန်တော် ဒီအချက်ကို အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေက မဖြစ်မနေလက်ခံရမယ့်ကိစ္စဖြစ်လို့ ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ပုံကို ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး ဒါကို ကစားသမားတွေ မြင်တွေ့ဖို့ လိုအပ်ပါတယ်။ သာမန်အားဖြင့် လူတိုင်းအောင်ပွဲခံကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ပိုကြိုက်ပါတယ်။ ပွဲကစားခွင့်ရရှိချိန် ကွင်းတွင်းမှာ သူတို့ရဲ့တုံ့ပြန်ပုံကို ကျွန်တော် မြင်တွေ့ချင်ပါတယ်”လို့ ပြောပါတယ်။

အခုအနိုင်ရလဒ်ကြောင့် ဘာစီလိုနာက လာမယ့်ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ထက် လေးမှတ်အသာစီးရရှိကာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေရပါတယ်။ လက်ရှိမှာ ဖလားသုံးလုံးအောင်ပွဲလမ်းကြောင်းထက် လျှောက်လှမ်းနေတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းက ပွဲကျပ်ကာလများစွာကို ဖြတ်သန်းရမှာဖြစ်လို့ အလှည့်ကျလူထုတ်ပုံ အသုံးပြုဖို့ရှိနေပေမယ့် ကစားသမားတွေကိုယ်တိုင် စီနီယာအသင်းမှာ ပွဲကစားချိန်တွေကို ကြိုးစားရှာဖွေသွားရမယ်လို့ ဂျာမန်လူမျိုးနည်းပြက ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်။ ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်နဲ့ မရင်ဆိုင်ခင် သူတို့တွေက ဒီည၊ အိမ်ကွင်းမှာ မာယော့ကာကို လာလီဂါပွဲစဉ်အဖြစ် ဧည့်ခံကစားသွားရပါမယ်။