စူပါလိဂ်စီစဉ်မှုကုန်ကျစရိတ်တွေအတွက် လျော်ကြေးပေးရန် အင်္ဂလန်ထိပ်သီးကလပ်အသင်းတွေဆီ ရီးရဲလ်မက်ဒရစ် ဖိအားပေး
ဥရောပစူပါလိဂ်စီမံကိန်းစတင်မိတ်ဆက်ပြီး မကြာမီမှာပဲ ပြန်လည်နုတ်ထွက်သွားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းခြောက်ခုဆီမှ စီမံကိန်းစတင်တည်ထောင်မှုကုန်ကျစရိတ်တွေကို ပေးလျော်ဖို့ ရီးရဲလ်မက်ဒရစ်အသင်း တောင်းဆိုလိုက်တယ်လို့ အင်္ဂါနေ့၊ ရိုက်တာသတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါစုစုပေါင်းကုန်ကျစရိတ်က ယူရိုသန်း ၈၀ အထိ ရှိနိုင်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ဆီမှ လျော်ကြေးငွေ ရရှိဖို့ တောင်းဆိုနေပါတယ်။
ဒီအင်္ဂလန်ထိပ်သီးအသင်းတွေက စူပါလိဂ်မူလတည်ထောင်သူ ကလပ်အသင်း ၁၂ ခုစာရင်းမှာပါဝင်ပြီး သုံးရက်အကြာမှာတင် နုတ်ထွက်သွားတဲ့ ကလပ်အသင်း ၉ ခုစာရင်းမှာလည်း ပါဝင်နေပါတယ်။
စောစောစီးစီးနုတ်ထွက်သွားခဲ့တဲ့ ကျန်ကလပ်အသင်းသုံးခုဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ဆီမှ လျော်ကြေးငွေပေးချေဖို့ တောင်းဆိုထားသလားဆိုတာကိုတော့ ရီးရဲလ်မက်ဒရစ်က အတည်မပြုပေးခဲ့ပါဘူး။
လက်ရှိအချိန်အထိ ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့သာ ကျခံထားရတဲ့ ပြိုင်ပွဲတည်ထောင်မှုဆိုင်ရာ ကုန်ကျစရိတ်တွေအတွက် ဒီအင်္ဂလန်ထိပ်သီးကလပ်အသင်း ၆ ခုမှာလည်း တာဝန်ရှိတယ်လို့ ရီးရဲလ်မက်ဒရစ်က ဆိုပါတယ်။
တော့တင်ဟမ်က ဒီကိစ္စအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ကျန်ပရီးမီးယားလိဂ်ကလပ်အသင်း ၅ ခုကတော့ မှတ်ချက်ပေးတုံ့ပြန်လာတာမျိုး မရှိသေးပါဘူး။
ဒီကလပ်အသင်းတွေက ပြိုင်ပွဲစီစဉ်သူ၊ ဦးပိုင်ကုမ္ပဏီဖြစ်တဲ့ European Super League Company အတွက် အစုရှယ်ယာရှင်များသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ The Athletic က ဖော်ပြခဲ့ပေမဲ့ ဒီစာချုပ်မှာ ပြိုင်ပွဲစတင်တည်ထောင်မှု ကုန်ကျစရိတ်တွေအတွက် တာဝန်ရှိ၊မရှိဆိုတာကိုတော့ တိတိကျကျဖော်ပြထားသလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စူပါလိဂ်စီမံကိန်းကတော့ တည်ထောင်သူကလပ်အသင်း ၉ ခု နုတ်ထွက်သွားပြီးနောက် ရက်ပိုင်းအကြာမှာပဲ ပြိုလဲပျက်စီးသွားခဲ့ပါတယ်။
အဲဒီနောက်မှာ ဂျူဗင်တပ်စ်လည်း စီမံကိန်းမှ နုတ်ထွက်ခဲ့သလို ဘာစီလိုနာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တရားဝင်နုတ်ထွက်သွားခဲ့လို့ ရီးရဲလ်မက်ဒရစ်သာ မူလတည်ထောင်သူအဖြစ် ကျန်ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်၊ ယူအီးအက်ဖ်အေ (UEFA) နဲ့ ဥရောပဘောလုံးကလပ်အသင်းများအဖွဲ့ (European Football Clubs)တို့က စူပါလိဂ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ဥပဒေရေးရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ပြီး အခြေခံမူဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။