ယီလ်ဒစ်ဇ်ကို ကာလအတန်ကြာ လက်လွှတ်ရတော့မယ့် ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်ရဲ့စီးရီးအေရာသီအဖွင့်ပွဲစဉ်အတွင်း ခြေထောက်ဒဏ်ရာရရှိခဲ့တဲ့ တူရကီ တိုက်စစ်မှူးယီလ်ဒစ်ဇ်ကို ခွဲစိတ်ကုသမှုပြုလုပ်သွားမယ်လို့ အသင်းတာဝန်ရှိသူ ဂျော်ဂျီယိုချီလီနီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ယူရိုပါလိဂ်မဲခွဲပွဲအပြီး Sky Sport Italia နဲ့တွေ့ဆုံချိန် အီတလီလက်ရွေးစင်နောက်ခံလူဟောင်းချီလီနီက "လာမယ့်ရက်တွေအတွင်း တရားဝင်ထုတ်ပြန်ချက် ထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ ယီလ်ဒစ်ဇ်ကိုတော့ ခွဲစိတ်ပေးရပါမယ်။ ဒါကြောင့် လအနည်းငယ်လောက်တော့ ကွင်းပြင်ပမှာ အနားယူသွားရပါလိမ့်မယ်" လို့ ပြောပါတယ်။
"ဒဏ်ရာပြင်းထန်ပေမဲ့ သူ့ရဲ့ကစားသမားဘဝအပေါ် ရေရှည်ထိခိုက်နိုင်တာမျိုး မရှိပါဘူး" လို့ ချီလီနီက ဆိုပါတယ်။
ယီလ်ဒစ်ဇ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တန်းတက်ဖရိုစီနိုနီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ အဝေးကွင်းပွဲစဉ်မှာ ဘယ်ခြေဒဏ်ရာရရှိပြီး ပွဲချိန် ၆၉ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရပါတယ်။
ဂျူဗင်တပ်စ်က ယမန်နှစ်ဘောလုံးရာသီ၊ စီးရီးအေပြိုင်ပွဲမှာ ဆဋ္ဌမနေရာရရှိခဲ့လို့ အခုဘောလုံးရာသီသစ်မှာ ဥရောပရဲ့ဒုတိယတန်းစားပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့ပါတယ်။ သူတို့တွေက ယူရိုပါလိဂ်အုပ်စုအဆင့်မှာ ဆိုစီဒက်၊ ဆယ်လ်တာဗီဂိုတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်သွားရပါမယ်။
ဒါ့အပြင် ဒီညမှာလည်း ဂျူဗင်တပ်စ်က စီးရီးအေဒုတိယမြောက်ပွဲစဉ်အဖြစ် ပါးမားနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။