The network connection is lost.

Banner Image

မာယော့ကာဂိုးသမားအီဗန်ကူအဲလာအပေါ် ထမင်းစားခန်းတံခါး ပြိုကျပြီးနောက် ဆေးရုံတင်ထားရ

တနင်္လာနေ့၊ ကလပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းရှိ ထမင်းစားခန်းမှာ အလှဆင်ထားတဲ့ အစိတ်အပိုင်းတစ်ခု ပြိုကျခဲ့ပြီး အသက် ၄၂ နှစ်အရွယ် မာယော့ကာဂိုးသမားအီဗန်ကူအဲလာအပေါ် ပိမိခဲ့လို့ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာနဲ့အတူ ထိတ်လန့်ဖွယ်အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

ဂျီရိုနာနဲ့ရင်ဆိုင်ရမယ့် စပိန်ဒုတိယတန်း၊ တနင်္ဂနွေနေ့ပွဲစဉ်အကြို နည်းပြလူးဝစ်ဂါစီယာရဲ့ လေ့ကျင့်ရေးအစီအစဉ်မစတင်ခင် ဆွန်ဘီဘီလိုနီလို့လူသိများတဲ့ Ciutat Esportiva Antonio Asensio လေ့ကျင့်ရေးကွင်းမှာ မတော်တဆမှု ဖြစ်ပွားပြီးနောက် ကူအဲလာကို ဆေးရုံတင်ပို့ခဲ့တယ်လို့ ကလပ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတော်တဆမှုကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ပေါ်ပေါက်ခဲ့ပေမဲ့ ဆရာဝန်တွေရဲ့ အနီးကပ်စောင့်ကြည့်စစ်ဆေးမှုအရ နောက်ဆက်တွဲပြင်းထန်ပြဿနာတွေ မရှိတော့ဘူးလို့ အတည်ပြုနိုင်ခဲ့တယ်လို့ မာယော့ကာအသင်းရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"ဒီနေ့မနက်ပိုင်း၊ Ciutat Esportiva လေ့ကျင့်ရေးကွင်းရဲ့ ထမင်းစားခန်းအတွင်း အလှဆင်ထားတဲ့ အစိတ်အပိုင်းတစ်ခုပြိုကျခဲ့တာကြောင့် ကူအဲလာမှာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပါတယ်" လို့ ကလပ်အသင်းရဲ့ကြေညာချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

"ကစားသမားကို ဆေးကုသပေးဖို့အတွက် ဆေးရုံတင်ပို့ထားပြီး နောက်ထပ် ၂၄ နာရီကြာ စောင့်ကြည့်စစ်ဆေးမှုအောက်မှာ ထားရှိသွားရပါမယ်" လို့ ဆိုပါတယ်။

ကူအဲလာရဲ့မတော်တဆဖြစ်ရပ်နဲ့အတူ လူးကပ်စ်ဘာ့ဂျ်စထရောင်းက ဖင်လန်နိုင်ငံအတွက် လက်ရွေးစင်တာဝန် ထမ်းဆောင်နေချိန် နည်းပြဂါစီယာအတွက် ဂိုးသမားရွေးချယ်စရာ ရှားပါးသွားလို့ စီနီယာအသင်းကြီးမှာ အသုံးပြုနိုင်တဲ့ ဂိုးသမားအဖြစ် အာနူးတီနက်စ် တစ်ဦးတည်းသာ ကျန်ရှိပါတော့တယ်။