The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ဖို့အစီအစဉ်မရှိခဲ့ကြောင်း ဟွိုင်ဆန် ဖွင့်ဟ

နွေရာသီအပြောင်းအရွှေ့ကာလ အစောပိုင်းမှာပဲ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်မှထွက်ခွာပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ရီးရဲလ်မက်ဒရစ်သို့ ပေါင်သန်း ၅၀ နဲ့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ ဒင်းန်ဟွိုင်ဆန်က သူဟာ ရီးရဲလ်သို့ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ကစားသမားက သူဟာ ဘုန်းမောက်နဲ့ဆက်လက် လက်တွဲသွားဖို့ပြင်ဆင်ထားခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်သို့ရောက်ရှိခဲ့ခြင်းမှာ မမျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ 

ဟွိုင်ဆန်က "ကျွန်တော်စီစဉ်ထားတာက ဘုန်းမောက်မှာ နောက်ထပ် ၂ နှစ်နေပြီး တိုးတက်ကိုရှာဖွေဖို့ပါ။ ဒါပေမယ့် အခြေအနေတွေက မျှော်လင့်ထားတာထက် လျင်လျင်မြန်မြန်ပဲပြောင်းလဲသွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာ ကျွန်တော့်ထက် ကျွန်တော့်အဖေက ပိုပျော်ပါလိမ့်မယ်။ ဒီကိုရောက်အောင်ကူညီပေးခဲ့တဲ့ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါတယ်။ ဖလော်ရန်တီနိုနဲ့ အားကစားဒါရိုက်တာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီမှာပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး နောက်ခံလူ နည်းပြသစ် ဇာဘီအလွန်ဆိုနဲ့ စကားစမြည်ပြောခဲ့တဲ့အကြောင်းကိုလည်း ပြန်လည်ဖွင့်ဟလာခဲ့ပါတယ်။ ဟွိုင်ဆန်က "ကျွန်တော်တို့ အသင်းအကြောင်းကို နည်းနည်းပြောခဲ့ကြပြီး ပရောဂျက်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အောင်မြင်မှုပြန်ရစေဖို့ အတူတူကြိုးစားသွားပါမယ်။ အခုချိန်အထိ ဒီအပြောင်းအရွှေ့ကို အစစ်အမှန်လို့ မထင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံးကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

နောက်ဆုံးအနေနဲ့ ဟွိုင်ဆန်က သူ့ရဲ့စံထားရတဲ့အားကစားသမားက ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်း ဆာဂျီယိုရာမို့စ်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပြီး စပိန်သားလိုပဲ ဆန်တီယာဂိုဘာနေဗျူးမှာ အောင်မြင်မှုတွေဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ စပိန်သားက "ကျွန်တော်လေးစားအားအကျရဆုံးကစားသမားက ဆာဂျီယိုရာမို့စ်ပါ။ ကျွန်တော့်အတွက် သူက ပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပြီး သူက အရာရာကိုပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူနဲ့တူတဲ့ကစားသမားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။