The network connection is lost.

Banner Image

ယူနိုက်တက်စတားဟောင်းကို ချီးကျူးလိုက်တဲ့ နာပိုလီစတား ဒီဘရိုင်း

နာပိုလီကွင်းလယ်လူ ဒီဘရိုင်းက အသင်းဖော် ဟွိုက်လန်းဟာ မန်စီးတီးစတား ဟာလန်းနဲ့ဆင်တူတယ်လို့ စပို့တင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ချီးကျူးလိုက်ပါတယ်။ ယူနိုက်တက်စတားဟောင်းဟာ အဆိုပါချန်ပီယံလိဂ်ပွဲမှာ နာပိုလီအသင်းအတွက် အဆုံးအဖြတ် ၂ ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီဘရိုင်းက ၂ ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီဘရိုင်း နဲ့ ဟွိုက်လန်းတို့ ပေါင်းစပ်မှုက နာပိုလီအတွက် နိုင်ပွဲဖြစ်လာစေခဲ့ပြီး ဒီဘရိုင်းက ၂ ဂိုးစလုံးကိုဖန်တီးပေးနိုင်ခဲ့သလို ဟွိုက်လန်းကလည်း ၂ ဂိုးစလုံးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအပြီးအင်တာဗျူးမှာ မန်စီးတီးစတားဟောင်းက ဟွိုက်လန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားခဲ့ပါတယ်။ “ရက်စ်မက်စ်မှာ အရည်အချင်းအများကြီးရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဟာလန်းနဲ့ဆင်တူတဲ့ကစားသမားမျိုးပါ။ ၂ ယောက်စလုံးက ဘယ်ခြေအားသန်ပြီး တိုက်စစ်အတွက် အဆင်ပြေပါတယ်။

ဒီနေ့ညကတော့ သူ့အတွက်အရမ်းကောင်းတဲ့ညဖြစ်ခဲ့သလို အခုချိန်ကနေ နောက်လာမယ့်ပွဲတွေမှာလည်း သူက အသင်းကိုဂိုးတွေနဲ့ကူညီနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က နေရာလွတ်ရှာဖွေနေတာဖြစ်ပြီး အချိန်ကောင်းကို စောင့်နေတာပါ။ ဟွိုက်လန်းကလည်း အဲ့တာကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်”လို့ ဒီဘရိုင်းက ဖြေကြားခဲ့ပါတယ်။

ဟွိုက်လန်းဟာ ယူနိုက်တက်မှာတုန်းက ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲစုံ ၉၅ ပွဲမှာ ၂၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။  အဲ့နောက် အခုနာပိုလီရောက်လာချိန်မှာတော့ ချန်ပီယံလိဂ် နဲ့ စီးရီးအေ ၅ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ တကယ်လို့ နာပိုလီအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် လာမယ့်နွေမှာ ဟွိုက်လန်းကို ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

နာပိုလီဟာ လာမယ့်အောက်တိုဘာ ၅ ရက်နေ့မှာ ဂျီနိုအာအသင်းနဲ့ကစားရမှာဖြစ်ပြီး အဲ့နောက် ချန်ပီယံလိဂ်ပွဲအဖြစ် အောက်တိုဘာ ၂၁ မှာ ပီအက်စ်ဗွီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။