The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ဆိုရင် အာဆင်နယ်အနေနဲ့ ပြောင်းလဲမှုတွေပြုလုပ်ဖို့ လိုအပ်နေကြောင်း မီးမောင်းထိုးပြလာတဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း သီယာရီအွန်နရီက ဒီရာသီမှာ အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေအများအပြားပြုလုပ်သွားဖို့ လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြလာခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးအကြိမ်ဆွတ်ခူးထားခဲ့တာဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော်အထိ အမှတ်ပေးဖလားနဲ့ဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။ ယခုရာသီမှာလည်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲအထိရှုံးနိမ့်ထားခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က အဲဗာတန်ကို ၀-၀ နဲ့သရေကျခဲ့တာကြောင့် ဆုဖလားကိုဆွတ်ခူးနိုင်ဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးမရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ အာတီတာရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ် ၆ မှတ်အထိကွာဟနေတာဖြစ်ပါတယ်။ ဒါကြောင့် အွန်နရီက အသင်းရဲ့လိုအပ်ချက်တွေကို မီးမောင်းထိုးပြလာခဲ့ပြီး ဆုဖလားကိုရရှိဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပြင်သစ်သားက “အာဆင်နယ်ရဲ့ကစားပုံက ခန့်မှန်းရလွယ်ကူပါတယ်။ တည်ကန်ဘောတွေကနေ ဂိုးတွေသွင်းနိုင်တာကတော့ ကောင်းပါတယ်။ ပရီးမီးယားလိဂ်မှာသွင်းခဲ့တဲ့ နောက်ဆုံး ၃ ဂိုးစလုံးကလည်း တည်ကန်ဘောတွေကနေပဲ ရခဲ့တာပါ။ လီဗာပူးမှာတော့ ဒီလိုမဟုတ်ပါဘူး။ လီဗာပူးက တိုက်စစ်ဆင်ပြီဆိုရင် တစ်သင်းလုံးရှေ့တက်လာကြပါတယ်။ ဂိုမက်ဇ်၊ နူဇက်ဇ်၊ ဂျိုတာ အားလုံးက ပြေးနေကြပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာတော့ ဆာကာမှာတွဲကစားစရာ အိုဒီဂတ်တစ်ယောက်ပဲရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
 
ဆက်လက်ပြီး အာတီတာရဲ့ကစားပုံက ပြိုင်ဘက်တွေအတွက် ခုခံရလွယ်ကူနေကြောင်းကို အွန်နရီက “အာဆင်နယ်ရဲ့ကစားပုံက ကျဉ်းထဲကျပ်ထဲရောက်နေရင် ဆာကာကိုပဲ ဘောလုံးပေးကြပါတယ်။ ဖန်တီးမှုတွေပြုလုပ်နိုင်ပေမယ့် အားနည်းချက်တွေအများကြီးရှိနေပါတယ်။ မာတင်နယ်လီကလည်း ဂိုးဧရိယာထဲပြေးဝင်မယ်ဆိုရင် ဘောလုံးလက်ခံနိုင်ပေမယ့် သူက အပြင်မှာပဲကစားတာများပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ ဂိုးတွေက အလွတ်တည်ကန်ဘောတွေကနေပဲ ရနေတာပါ။ ယူနိုက်တက်နဲ့ပွဲမှာဆိုသူတို့ ဖန်တီးမှုတွေများများစားစားမလုပ်နိုင်ခဲ့ပေမယ့် တည်ကန်ဘောတွေကရတဲ့ဂိုးတွေကြောင့် ၂-၀ နဲ့နိုင်ခဲ့ပါတယ်”

“ဒါကနည်းပြရဲ့ပြဿနာမဟုတ်ပါဘူး။ ဘယ်အသင်းကမှ အာဆင်နယ်လောက်မခုန်နိုင်ပါဘူး။ ဒါကအားသာချက်တစ်ခုပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားကိုရဖို့ဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ဖို့လိုအပ်နေပါသေးတယ်။ လီဗာပူးကိုကြည့်ရင် သူတို့က ဘယ်အသင်းကိုမဆိုအနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးရစေပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါကြောင့် တစ်နှစ်ပြီးတစ်နှစ် အချိန်တွေဆွဲနေမယ့်အစား ပြောင်းလဲမှုပြုလုပ်ဖို့ အဖြေရှာသင့်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။