
ဘာစီလိုနာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီမှုရထားတဲ့ ဖလစ်
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင်ဖို့ အခြေခံသဘောတူညီချက်တွေရရှိထားတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ ၂၀၂၄ မှာဘာစီလိုနာကို စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဖလစ်ဟာ အသင်းနဲ့ ၂ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ စာချုပ်သက်တမ်းမကုန်ဆုံးမီမှာပဲ နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ သဘောတူညီမှုရထားခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ဖလစ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ကြောင်းကို လာမယ့်လမှာပဲ ဘာစီလိုနာက တရားဝင်ကြေညာသွားဖွယ်ရှိတယ်လို့သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ ကိုပါဒယ်ရေးဗိုလ်လုပွဲအပြီးမှာ ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက ဂျာမန်သားနည်းပြဟာ အသင်းနဲ့ ကာလရှည်သက်တမ်းတိုးလိုခြင်းမရှိကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
လာပေါ်တာက "ကျွန်တော်တို့ ဘယ်လောက်အဆင့်အထိ လိုချင်တယ်ဆိုတာ ဖလစ်က သိပါတယ်။ သူ့ရဲ့စွမ်းရည်တွေက အသင်းအတွက် အံဝင်ခွင်ကျဖြစ်ပါတယ်။ အသင်းရဲ့အကြောင်းကို ကောင်းကောင်းနားလည်ပေမယ့် သူ့ရဲ့စာချုပ်ကို တစ်နှစ်ပြီးတစ်နှစ်ပဲ ဆက်ချုပ်လိုတဲ့နည်းပြပါ။ ဒီရာသီမှာ ဖလစ်က ကျွန်တော်တို့နည်းပြဖြစ်နေပေမယ့် အနာဂတ်မှာဘာဖြစ်မယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာပါ"
"ဖလစ်ကို အသင်းရဲ့နည်းပြဖြစ်လာဖို့ အဆုံးအဖြတ်ပေးခဲ့တဲ့သူက ဒီကိုပါ။ ဒီကိုနဲ့ ဘိုဂျန်တို့က သူ့ကိုဆက်သွယ်ခဲ့ကြတာပါ။ ကျွန်တော်ကတော့ အသင်းကိုစရောက်ကတည်းက သူ့ကို သဘောကျပါတယ်။ အစကတည်းက သူ့ကို အသင်းမှာခန့်အပ်ချင်ခဲ့တာပါ။ အသင်းဥက္ကဌတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ပြောစရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဘောလုံးရှုထောင့်ကနေကြည့်ပြီး သူ့ကိုပဲ ရွေးချယ်ခဲ့တာပါ။ အခြားရွေးချယ်စရာတွေလည်း အများကြီးရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဖလစ်အနေနဲ့ ဘာစီလိုနာနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ စိတ်ဝင်စားခြင်းမရှိပေမယ့် အသင်းကို ချစ်မြတ်နိုးကြောင်းနဲ့ ကမ္ဘာ့အကောင်းဆုံးကလပ်မှာ အလုပ်လုပ်ရတဲ့အတွက် ပျော်ရွှင်ကြောင်းတွေကိုတော့ ပြောကြားထားခဲ့ဖူးပါတယ်။