The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဖိုင်နယ်တက်ရောက်နိုင်ပြီးနောက် လူးဝစ်အင်းနရစ်ကို ပါရမီရှင်တစ်ဦးလို့ ချီးကျူးခဲ့တဲ့ ဟာကီမီ

အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်ဆီ ပီအက်စ်ဂျီအသင်း တက်ရောက်နိုင်ပြီးနောက် ဟာကီမီက လူးဝစ်အင်းနရစ်ကို “ပါရမီရှင်”တစ်ဦးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဆုဖလားသုံးလုံးအောင်ပွဲမျှော်လင့်ချက်ရှိနေတဲ့ လီဂူးဝမ်းချန်ပီယံတွေက ဗုဒ္ဓဟူးညပိုင်းမှာ အာဆင်နယ်ကို အနိုင်ယူပြီး နှစ်ပေါင်းများစွာကြာ အာသာငမ်းငမ်းလိုက်လံရှာဖွေနေတဲ့ ဆုဖလားတစ်ခုအတွက် မေ ၃၁ ရက်၊ မြူးနစ်မြို့မှာ အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

လာမယ့်ကြာသပတေးနေ့မှာပဲ အသက်-၅၅ နှစ်ပြည့်မြောက်မယ့် လူးဝစ်အင်းနရစ်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်၊ ဘာလင်မြို့မှာ ဘာစီလိုနာအတွက် ချန်ပီယံလိဂ်အောင်ပွဲရယူပေးခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ဒီဆုဖလားကို ကိုင်မြှောက်သွားနိုင်ဖို့ ရည်မှန်းထားပါလိမ့်မယ်။ ပီအက်စ်ဂျီက မကြာသေးမီအချိန်တွေမှာ အမ်ဘာပေ၊ မက်ဆီတို့လို ဘောလုံးကြယ်ပွင့်တွေကို ဆုံးရှုံးခဲ့ရပေမယ့် အခုလိုအဆင့်အတန်းမျိုးအထိ တက်လှမ်းရောက်ရှိလာခဲ့ပါတယ်။

Canal+ နဲ့တွေ့ဆုံချိန် ဟာကီမီက “ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဒီကွင်းကြီးရဲ့အငွေ့အသက်ကို ခံစားမိလိုက်ချိန် အခုလိုအောင်မြင်မှုမျိုးရရှိဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ အများစုက ကျွန်တော်တို့ကို မယုံကြည်ခဲ့ကြပေမယ့် ကျွန်တော်တို့ အပြင်းအထန်ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့က မိသားစုကြီးတစ်ခုဖြစ်ပြီး အခုလိုအခိုက်အတန့်မျိုးနဲ့ အပြည့်အဝထိုက်တန်ပါတယ်။ ပရိသတ်တွေအားလုံး၊ ပါရီသားတွေအကုန်လုံး၊ ကျွန်တော်တို့ရဲ့မိသားစုဝင်တွေအကုန်လုံး၊ ကျွန်တော်တို့ကို အားပေးထောက်ခံသူအားလုံးနဲ့ ဒီလိုအခိုက်အတန့်မျိုးက အပြည့်အဝထိုက်တန်မှုရှိပါတယ်။

အခုနိုင်ပွဲအတွက်လည်း ကျွန်တော်တို့ ဂုဏ်ယူမိပါတယ်။ လူးဝစ်အင်းနရစ်က မယုံကြည်နိုင်လောက်စရာ အလုပ်တစ်ခုကို လုပ်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီဆီ သူရောက်ရှိလာပြီးနောက် အသင်းကောင်းတစ်ခုကို တည်ဆောက်ဖို့ အချိန်တစ်နှစ် ယူခဲ့ပါတယ်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ အလုပ်တွေ အများကြီး ရှိခဲ့ပါတယ်။ လူးဝစ်အင်းနရစ်ကတော့ တကယ့်ကို ပါရမီရှင်တစ်ဦးပါပဲ”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ တက်ရောက်ခဲ့ဖူးပြီး ဘိုင်ယန်မြူးနစ်ကိုအရေးနိမ့်ကာ ဆုဖလားအောင်ပွဲနဲ့ ဝေးကွာခဲ့ပါတယ်။