ဂူမာရေးစ်၊ အာဆင်နယ် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အာစင်ဝင်းဂါးနောက်လိုက်ခဲ့တာလား အာတီတာ(ဆောင်းပါး)
ဘရူနို ဂူမာရေးစ်တစ်ယောက် ယမန်နေ့ည အာဆင်နယ်ဘက်ကို ဒုတိယဂိုးသွင်းကာ ဂန်းနားတွေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိပ်မက်ကို အဆုံးသတ်လိုက်တော့ တွေးစရာပေါ်လာခဲ့ပါတယ်။ ဘရာဇီးကွင်းလယ်လူကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်တယ်ဆိုတာ လူတိုင်းသိခဲ့ကြပါတယ်။
ဂူမာရေးစ်က အာဆင်နယ်ကို အဆင့်၄နေရာရောက်အောင် တွန်းပို့ပေးမယ့် ကစားသမား ဖြစ်နိုင်ပေမဲ့ ဂန်းနားတွေကတော့ ခေါ်ယူဖို့ ငြင်းဆန်ခဲ့တာကြောင့် နယူးကာဆယ်က လိုင်ယွန်ကြယ်ပွင့်ကို ခေါ်ယူစာချုပ်ခဲ့ပ့ါတယ်။ နှစ်တွေအကြာကြီးအတွင်း ပထမဆုံးဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမဲ့ အာဆင်နယ်ဟာ ဒုတိယရာသီဝက်အတွက် လူအင်အားမဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ်လန်းနိုင်းစ်၊ မာရီ၊ ဘယ်လိုဂန်တို့ကို အငှားချလိုက်ပြီး အသင်းခေါင်းဆောင် အူဘာမီယန်းနေရာကိုလည်း ဖြည့်တင်းခြင်းမရှိဘဲ အံ့အားသင့်ဖွယ် လမ်းခွဲခဲ့ပါတယ်။
အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့အကြောင်း ပြောခဲ့ရာမှာ “ကျွန်တော်တို့မှာ ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ် အတိအကျ ရှိခဲ့ပါတယ်။ အီဒူနဲ့ သူ့အဖွဲ့ဝင်တွေက အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းအတွက် အကောင်းဆုံး ဖြစ်စေမယ့်သူတွေကိုသာ ခေါ်ယူချင်ပါတယ်”“ရှိနေတဲ့ ကစားသမားတွေက မှန်ကန်တဲ့ ကစားသမားတွေ မဟုတ်ရင် မခေါ်ပါဘူး”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အနေနဲ့ ရာသီဝက်အတွင်း panicဖြစ်ပြီး ကစားသမား ဝယ်ယူမှုမလုပ်ဖို့ ဆုံးဖြတ်တာ နားလည်ပေးလို့ ရပေမဲ့ ဂူမာရေးစ်လို ကစားသမားမျိုးကို လျစ်လျူရှုခဲ့ခြင်းက အာဆင်နယ်ရဲ့ စိတ်ပျက်စရာ ရာသီတစ်ခု ရရှိစေခဲ့ခြင်းရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က ကိုယ့်ရှေ့မှာရှိနေတာတောင် အာတီတာရဲ့ အတွေ့အကြုံနည်းတဲ့ လူငယ်အသင်းက လုပ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။
တီယာနေးနဲ့ ပါတေးတို့ ဒဏ်ရာရသွားခဲ့တာက ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့သလို ဘန်ဝှိုက်နဲ့ မာဂယ်ဟေးစ်တို့ တံကောက်ကြောဒဏ်ရာ ထပ်ရခဲ့ချိန်မှာတော့ အာဆင်နယ်က ကယ်သူမဲ့တဲ့ သမင်တစ်ကောင်လို ဖြစ်သွားခဲ့ပါတယ်။ တနင်္လာနေ့ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ ဘာရှိတယ်ဆိုတာ သိခဲ့ပေမဲ့ အဲ့ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပြိုင်ဆိုငမှု သိပ်မရှိခဲ့ပဲ ပွဲအတွင်း တစ်ကြိမ်မှတောင် မပါဝင်ခဲ့ကာ တစ်ဦးချင်းယှဉ်လုမှုတွေမှာလည်း ရှုံးခဲ့ပါတယ်။ နယူးကာဆယ်က ကျွန်တော်တို့ကို အဖက်ဖက်ကနေ အဆ၁၀၀လောက် သာခဲ့ပြီး ဒါက ခံရခက်ခဲ့ပါတယ်။ ဒါက ကွင်းထဲ ဖြစ်သွားတဲ့ တကယ့်အမှန်တရားပါ”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းက စိန့်ဂျိမ်းစ်ပတ်ခ်ကို သွားတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သေသေချာချာကို သိထားခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်တို့ ဘန်ဝှုက်ရဲ့ OGဂိုး၊ ဂူမာရေးစ်ရဲ့ ဂိုးတွေနဲ့အတူ ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ဝင်ခွင့်ကို အဆုံးသတ်ခဲ့ပါတယ်။ ဇန်နဝါရီတုန်းက ငွေသုံးကြမ်းခဲ့ပြီး ကစားသမား ၅ ယောက်လောက် ခေါ်ထားခဲ့တဲ့ နယူးကာဆယ်ကတော့ ထိပ်သီး၄သင်းအတွက် ယှဉ်ပြိုင်နေတဲ့ အသင်း၁သင်းလို ယမန်နေ့ညက ကစားသွားခဲ့ပါတယ်။ နယူးကာဆယ်က တက်တက်ကြွကြွနဲ့ ကစားနေချိန် အာဆင်နယ် ကစားသမားတွေက မောပန်းနွမ်းနယ်နေတဲ့ပုံ ပေါ်နေခဲ့ပါတယ်။ ဇန်နဝါရီတုန်းက စွန့်စားပြီး ကစားသမားသစ်မဖြည့်ပဲ လောင်းကစားဆန်ဆန်ချဉ်းကပ်မှုက ၄လအကြာမှာတော့ ကိုယ့်ရှူးကိုယ်ပတ်သလို ဖြစ်သွားခဲ့ပါတယ်။
အသင်းကို လူမဖြည်ခဲ့တဲ့အပေါ် နောင်တရမိလားမေးတဲ့အခါ အာတီတာက “ကျွန်တော်တို့ ခွင့်ပြုချက်ရတဲ့အတိုင်း လုပ်သင့်တာကို လုပ်ခဲ့ပါတယ်။ အသင်းကို တည်ဆောက်နိုင်သလောက် တည်ဆောက်နေပြီး ဒီအသင်းပဲ ခုလိုနေရာကို ခေါ်လာခဲ့တာပါ”လို့ ပြန်ပြောခဲ့ပါတယ်။
အတက်အကျများပြီး ဒရာမာဆန်တဲ့ရာသီအပြီးမှာ အာဆင်နယ်က ယခုနှစ်ပရီးမီးယားလိဂ်ကို အဆင့်၅နေရာနဲ့ အဆုံးသတ်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။ အခွင့်အရေးသေးသေးလေး ရှိသေးပေမဲ့ တနင်္ဂနွေနေ့မှာ အဲဗာတန်ကို အနိုင်ကစားပြီး တန်းဆင်းသွားတဲ့ နောဝစ်ချ်က တော့တင်ဟမ်ကို အနိုင်ကစားစေဖို့က မျှော်လင့်လွန်းရာကျနေခဲ့ပါတယ်။ ရာသီအစက အခြေအနေကို ကြည့်လိုက်ရင် အဆင့်၅နေရာဆိုတာ အာဆင်နယ်အတွက် အကောင်းဆုံးလို့ ပြောလို့ရပေမဲ့ ယခုလို အဆုံးသတ်ခြင်းက အမ်းမရိတ်မြေမှာ တိမ်မည်းတွေ ဖုံးလွှမ်းလာစေခဲ့ပါတယ်။
အာဆင်နယ်တာဝန်ရှိသူတွေက အာတီတာကို ယုံလို့ စာချုပ်အသစ်တောင် ချုပ်ထားတာကြောင့် ရာသီသစ်မတိုင်ခင် နည်းပြအပြောင်းအလဲတော့ မြင်ရမှာမဟုတ်တာ သေချာနေပါတယ်။ ဒါပေမဲ့ အရေးပါတဲ့ အခြေအနေမှာ ယခုလို ဆိုးရွားတဲ့အရာနဲ့ ကြုံခဲ့ရတဲ့အတွက် နည်းပြရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာတော့ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ နည်းစနစ်ပိုင်းအရ မြောက်လန်ဒန်ဒါဘီမှာ ကွန်တီကို ယှဉ်နိုင်ခဲ့ပေမဲ့ နယူးကာဆယ်နဲ့ပွဲ ဒုတိယပိုင်းမှာ အာတီတာရဲ့ လူစားလဲပုံတွေက အာဆင်နယ်ကို တိုးတက်တာထက် ပိုပြီးဆုတ်ယုတ်သွားစေခဲ့ပါတယ်။
အာတီတာတစ်ယောက် ပွဲအပြီးမှာ တော်တော်လေး ပေါက်ကွဲနေတဲ့ပုံပေါ်ပြီး တော့တင်ဟမ်က ယခု ချန်ပီယံလိဂ်ဝင်ခွင့် ရသွားပြီဖြစ်တာကြောင့် စပိန်သားအနေနဲ့ လာမယ့်ရာသီသစ်အတွက် ကစားသမားတွေကို ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ကာလရှည်ကြာပြီးမှ ချန်ပီယံလိဂ်ဝင်ခွင့်ပြန်ရတာက အာဆင်နယ်အတွက် ဘယ်လောက်ထိ အဓိပ္ပါယ်ရှိစေမလဲဆိုတာ အာတီတာက အသိဆုံးပဲ ဖြစ်မှာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်သာ ရမယ်ဆိုရင် နွေရာသီ အပြောင်းအရွှေ့အတွက် ဘဏ္ဍာရေးအရ ကြီးမားတဲ့ အားတက်စရာ ဖြစ်လာမှာဖြစ်သလို ဆာကာ၊ မာတင်နယ်လီတို့လို ကစားသမားတွေကိုလည်း ကာလရှည်စာချုပ်ချုပ်နိုင်ခွင့်လည်း ရှိလာနိုင်ပါတယ်။ ယခုအချိန်မှာတော့ လာမယ့်နှစ်တွေအတွင်း အာဆင်နယ်အသင်း ဘယ်လိုရှေ့ဆက်မယ်ဆိုတာ မေးခွန်းများစွာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
သူတို့ ထိပ်ဆုံးနေရာတွေအတွက် စိန်ခေါ်နိုင်မလား။ ပစ်မှတ်ထားတဲ့ အကောင်းဆုံး ကစားသမားတွေရော ရနိုင်မလား။ လာမယ့်ရက်ပိုင်းအတွင်းမှာတော့ အာတီတာတစ်ယောက် အဆိုပါ မေးခွန်းတွေကို ရင်ဆိုင်ရတော့မှာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်း ယခုနှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာတော့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ကစားသမားသစ် မဖြည့်ခဲ့တဲ့ ဆုံးဖြတ်ချက်က တစ်စိတ်တစ်ပိုင်းပါဝင်နေဖို့ ရှိနေပါတယ်။
ဒီအချိန်မှာပဲ ၂၀၁၅-၁၆ရာသီက အာဆင်နယ်ဂန္တဝင်နည်းပြကြီး အားစင်ဝင်းဂါးတစ်ယောက် ဇန်နဝါရီမှာ လူမဝယ်ပဲ ခေါင်းမာခဲ့လို့ ရာသီကုန် လက်စတာက ကြားထဲကနေ ပရီးမီးယားလိဂ်ဖလား ရသွားတာကို အမှတ်ရမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အာတီတာနဲ့ အီဒူတို့ လုပ်ခဲ့တဲ့ အလောင်းအစားက မအောင်မြင်ပဲ ဖြစ်ခဲ့တာကြောင့် အာဆင်နယ်ကတော့ နောက်ဆက်တွဲတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။