အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်နေတာနဲ့ပတ်သပ်ပြီး တုံ့ပြန်လိုက်တဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ စီးတီးမှာတကယ်ပျော်နေပြီး လာမယ့်ရာသီသစ်အတွက် အာရုံစိုက်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းကတော့ ဆောက်ဂိတ်ထွက်ခွာသွားတဲ့ အနေအထား ဂွါဒီယိုလာကို ချိတ်ဆက်နေတယ်လို့ သတင်းတွေကြီးနေပါတယ်။ စပိန်ကို ယူရိုဖိုင်နယ်မှာ အရေးနိမ့်ခဲ့ပြီးနောက် ဆောက်ဂိတ်ဟာ နည်းပြအလုပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဟာ နည်းပြနေရာအတွက် ဂွါဒီယိုလာအပြင် ၊ ဟိုဝီ ၊ ပေါ်တာ ၊ ကာစလေတို့ကိုလည်း ချိတ်ဆက်နေပါတယ်။ ဒါ့အပြင် နာမည်ကျော်တွေဖြစ်တဲ့ ပိုချက်တီနို ၊ ကလော့ပ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။ စပိန်သားဟာ စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲရောက်နေပြီး အင်္ဂလန်အသင်းနည်းပြနေရာအတွက် မေးမြန်းရာမှာ အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဒီလာမယ့်ရာသီအတွက် တကယ်စိတ်လှုပ်ရှားနေပါပြီ။ ရာသီတိုင်းလိုလို ကျွန်တော် အနားယူဖို့ လိုအပ်ပါတယ်။ အဲ့တာက သေချာပေါက်လိုအပ်တာပါ။ ဘက်ထရီတွေလိုအားပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ပြိုင်ပွဲလာနေပြီဆိုတာသိတာကြောင့် တူညီတဲ့စွမ်းအင်မျိုးဖြစ်အောင် လုပ်ဆောင်ရပါတယ်။ အဲ့တာအတွက် ကျွန်တော် လုံးဝအာရုံစိုက်ထားပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
သတင်းတွေအရ အက်ဖ်အေဟာ ဂွါဒီယိုလာစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်အထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အင်္ဂလန်ယူ - ၂၁ နည်းပြ ကာစလေကို ဂွါဒီယိုလာမရောက်လာခင်အထိ ယာယီတာဝန်ယူဖို့ ပြင်ဆင်ထားပါတယ်။
အဆိုပါအနေအထားကြောင့် ကာစလေဟာ နေရှင်းလိဂ်ပွဲတွေအပြင် မတ်လမှာ ကန်မယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကိုလည်း ကိုင်တွယ်ဖွယ်ရှိနေပါတယ်။ ဘွက်ကီဒိုင်တွေကတော့ အင်္ဂလန်အသင်းနည်းပြရာထူးကို ပေါ်တာထက် ဟိုဝီက ရနိုင်တယ်လို့ ထင်မြင်နေကြပါတယ်။
နယူးကာဆယ်နည်းပြ ဟိုဝီကတော့ ရာသီကြိုခရီးစဉ်မတိုင်ခင် အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ကျွန်တော် လုံးဝဒီအသင်းမှာဆက်နေချင်ပါတယ်။ ဒီအသင်းက ကျွန်တော့်အတွက် မှန်ကန်တဲ့ အသင်းဖြစ်တယ်လို့ ထင်ပါတယ်။ တကယ်လို့ အခြေအနေတွေက အဆင်မပြေဘူးဆိုရင် ကျွန်တော် ဒီမှာနေရတာပျော်မယ်လို့ ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် ဒီမှာနေရတာပျော်ပါတယ်။ ဒီမှာအလုပ်လုပ်ရတာ ကျွန်တော်လိုချင်သလိုမျိုး လွတ်လပ်ပါတယ်။ နယူးကာဆယ်ထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မတွေးဖြစ်သေးပါဘူး။ ဒီအသင်းကို ကျွန်တော်လုံးဝချစ်ပါတယ်။ ပရိသတ်တွေကိုလည်း အတူတူပါပဲ။ ဒီနေရာက ကျွန်တော့်အတွက် အကောင်းဆုံးပါပဲ။ ဒီနွေရာသီမှာ အသင်းတော်တော်များများအပြောင်းအလဲအများကြီးလုပ်ထားပါတယ်။ နွေရာသီအပြောင်းအရွှေ့က အသင်းတိုင်းအတွက် ခက်ခဲပါတယ်။ အပြောင်းအလဲအသစ်တွေက ခံစားမှုအသစ်တွေဖြစ်စေပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။