The network connection is lost.

Banner Image

မန်စီးတီးမှာဆက်နေဖို့ ဘာနာဒိုဆေးလ်ဗားကို ဂွါဒီယိုလာ တိုက်တွန်း

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နံနက်က နယူးကာဆယ်ကို ၀-၂ နဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ အသင်းရဲ့ဝါရင့်ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ 

လာမယ့်ဇွန်လမှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘာနာဒိုဆေးလ်ဗားဟာ ထိပ်တန်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲမှာလည်း ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂွါဒီယိုလာက "ဘာနာဒိုဆေးလ်ဗားက ဘယ်လိုကစားသမားမျိုးလဲဆိုတာ ကျွန်တော်တို့ စိတ်ကူးကြည့်လို့တောင်မရပါဘူး။ ဒီလို ကစားသမားမျိုးကို အသင်းကနေလက်မလွှတ်ချင်ပါဘူး။ ရာစုနှစ်တွေအထိ အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ သူက ဘောလုံးကို ဘယ်လိုကစားရမယ့် ပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာတော့ ကောင်းကောင်းနားလည်နေတဲ့သူပါ။ ဘောလုံးစည်းမျဉ်းတွေကိုလည်း သူပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ဆီမီညိုနဲ့ ချာကီတို့အပါအဝင် အခြားကြယ်ပွင့်ကစားသမားတွေကိုလည်း ဂွါဒီယိုလာက ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ စပိန်သားနည်းပြက "ဒီပွဲမှာ ကစားသမားတိုင်းက ကဏ္ဍအလိုက် အပြည့်အဝ ကစားနိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တွေနဲ့ ချဲလ်ဆီး၊ ဘရိုက်တန်တို့နဲ့ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ ခြေစွမ်းကောင်းခဲ့ပေမယ့် သွင်းဂိုးတွေမရခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်"

"ဒါပေမယ့် အခုတော့ အသင်းမှာ အနိုင်ရလိုစိတ်တွေပြန်လည်ရရှိနေပါပြီ။ ဒီအငွေ့အသက်ကို အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ခံစားနေရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ လာမယ့် စနေနေ့မှာတော့ မန်စီးတီးဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး နိုင်ပွဲဆက်နေမှုကို ဆက်လက်ပုံဖော်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။