လီဗာပူးအသင်း ဆုဖလားပြိုင်ဆိုင်မှုအတွက် ပြန်လာနိုင်မယ်လို့ ဂွါဒီယိုလာ မျှော်လင့်နေ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားလုပွဲအတွက် ပြန်လာနိုင်ဦးမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒီရာသီ ထိပ်တန်းအသင်းတွေနဲ့ပတ်သက်တဲ့ ပြောဆိုမှုဝေဖန်မှုတွေက လျင်မြန်စွာပြောင်းလဲနေပါတယ်။ ၃ ရာသီဆက် ဒုတိယနေရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဩဂုတ်လက လီဗာပူးအသင်းကို ၁-၀ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ မီကယ်အာတီတာရဲ့အသင်းက ရရှိနိုင်တဲ့ ၁၅ မှတ်ထဲက ၁၃ မှတ်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ ရုန်းကန်နေရပြီး ဘရန့်ဖို့ဒ်နဲ့ကစားမယ့်ပွဲစဉ်မှာ လိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကို ရပ်တန့်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ အန်းစလော့ရဲ့အသင်းက ပြန်လာနိုင်မယ်လို့ ယုံကြည်နေပါတယ်။တနင်္ဂနွေနေ့ အက်စ်တွန်ဗီလာကို အဝေးကွင်းသွားရောက်ကစားရမယ့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက-
"ပထမနှစ်ပွဲ၊ သုံးပွဲမှာ ကျွန်တော်တို့က (ဖလားပြိုင်ပွဲကနေ) ထွက်သွားရမယ်လို့ဆိုပါတယ်။ လီဗာပူးကလည်း ပြီးဆုံးသွားပြီလို့ဆိုပါတယ် - အခုတော့ လီဗာပူးက ပြီးဆုံးသွားသလိုဖြစ်နေပါတယ်။ ဒါပေမဲ့ သူတို့ပြန်လာလိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်အကြိမ်များစွာပြောခဲ့ပြီးပါပြီ၊ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ ကစားသမားဟောင်းတွေအားလုံးဟာ ၅ ပွဲအပြီးမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို သိကြပါတယ် - ကျွန်တော်ကတော့ အဲဒီလိုမလုပ်နိုင်ပါဘူး။ ဒါကြောင့် ဘာတွေဖြစ်နေလဲဆိုတာကို အတိအကျသိဖို့ ပွဲ ၁၀ ပွဲ၊ ၁၅ ပွဲလောက်အထိ အမြဲတမ်းစောင့်ကြည့်နေပါတယ်၊ ဒါပေမဲ့ လီဗာပူးနဲ့ အာဆင်နယ်က ရှိနေပါတယ်၊ တခြားသူတွေလည်းရှိလာမှာဖြစ်ပြီး ကျွန်တော်တို့လည်း အဲဒီမှာရှိနေဖို့ မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။
လီဗာပူးအသင်းက ဘရန့်ဖို့ဒ်ကိုနိုင်ခဲ့ရင် မန်စီးတီးကိုကျော်တက်ပြီး အာဆင်နယ်အသင်းရဲ့နောက် တစ်မှတ်အကွာကိုရောက်ရှိလာမှာဖြစ်ပါတယ်။