The network connection is lost.

Banner Image

နာပိုလီပရိသတ်ဖြစ်တဲ့ မိခင်ကို အိမ်မှာထားခဲ့ဖို့စီစဉ်နေတဲ့ ဒွန်နာရမ်မာ

မန်ချက်စတာစီးတီးဂိုးသမား ဒွန်နာရမ်မာက ကြာသပတေးနေ့မှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် နာပိုလီနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်လို့ နာပိုလီပရိသတ်တစ်ဦးဖြစ်တဲ့ မိခင်ကို အိမ်မှာထားရစ်ခဲ့ဖို့ စီစဉ်နေရကြောင်း အရွှန်းဖောက်ပြောကြားလာခဲ့ပါတယ်။ 

ဒွန်နာရမ်မာရဲ့မိသားစုဝင်တွေဟာ အီတလီလူမျိုးတွေဖြစ်ပြီး နာပိုလီကို အားပေးကြသူတွေဖြစ်ပေမယ့် ဒွန်နာရမ်မာအနေနဲ့တော့ ပရော်ဖက်ရှင်နယ်ပီသစွာ ကိုယ့်အသင်းမန်စီးတီးအတွက် နာပိုလီကိုအနိုင်ရဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ခက်ခဲတဲ့ပရီးမီးယားလိဂ်ရာသီအစမှာ ရုန်းကန်နေရတဲ့မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာလည်း လွယ်ကူဖို့မရှိဘဲ လက်ရှိစီးရီးအေချန်ပီယံနဲ့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့မန်စီးတီးအနေနဲ့ ယခုရာသီမှာတော့ ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေနဲ့အတူ ဒုတိယမြောက် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နေပါတယ်။လက်ရှိမန်စီးတီးရဲ့လူစာရင်းမှာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးထားနိုင်ခဲ့တဲ့ ဒွန်နာရမ်မာကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

နာပိုလီနဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒွန်နာရမ်မာက "ကျွန်တော်ကတော့ မနက်ဖြန်ပွဲမှာ အမေ့ကို အိမ်မှာထားခဲ့ရမယ်ထင်ပါတယ်။ ကျွန်‌တော်က နာပိုလီနဲ့ အရမ်းရင်းနှီးတဲ့သူပါ။ အဲဒီအသင်းမှာ ကျွန်တော့်ရဲ့မိတ်ဆွေတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်အခု မန်စီးတီးအတွက်ကစားနေတာဖြစ်လို့ ဒီပွဲကို အနိုင်ရဖို့ကြိုးစားသွားပါမယ်။ အမေကတော့ စိတ်တိုနေမှာပေါ့" လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာ ဒွန်နာရမ်မာကို ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အီတလီလက်ရွေးစင်ဟာ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း အကောင်းဆုံးဂိုးသမားအဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားအနေနဲ့ မန်စီးတီးမှာတော့ ဂွါဒီယိုလာရဲ့နည်းစနစ်တွေအောက်မှာ အံဝင်ခွင်ကျဖြစ်ပါ့မလားဆိုတာကတော့ မေးခွန်းတစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီမှာ ယူနိုက်တက်ကို ၃ ဂိုးပြတ်အနိုင်ယူထားတဲ့ မန်စီးတီးအနေနဲ့ ချန်ပီယံလိဂ်မှာ နာပိုလီကိုလည်း အနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။