အက်သလက်တီကိုမက်ဒရစ်ထက်ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာကွင်းလယ်လူဂါဗီ
ချန်ပီယံလိဂ်ပြိုင်ပွဲထွက်ခွာလာရမှုကို ထိုက်တန်မှုမရှိတဲ့ ရလဒ်ပဲလို့ ဘာစီလိုနာ ကွင်းလယ်လူဂါဗီက အခိုင်အမာပြောဆိုလိုက်ပါတယ်။
အင်္ဂါညပိုင်းပွဲစဉ်မှာ အဲရစ်ဂါစီယာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမဲ့ ဘာစီလိုနာက အက်သလက်တီကိုမက်ဒရစ်ကို အဝေးကွင်းမှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့်ရှုံးနိမ့်ပြီး နူးကမ့်သားတွေ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
ပွဲစဉ်အပြီး TNT နဲ့တွေ့ဆုံချိန် ဂါဗီက "ဒီနေ့ ပြိုင်ပွဲမှထွက်လိုက်ရလို့ တကယ်ကို နာကျင်ရပါတယ်။ ကျွန်တော်တို့က အက်သလက်တီကိုထက် အများကြီး ပိုသာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘောလုံးဆိုတာ ဂိုးသွင်းနိုင်ဖို့က အဓိကပါပဲ၊ သူတို့က ကျွန်တော်တို့ထက် ဂိုးတွေ ပိုသွင်းယူနိုင်ခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။
သူကပဲ ဆက်လက်ပြီး "ကျွန်တော်တို့ သူတို့ကို တစ်ပွဲလုံး အရှင်လတ်လတ် ဝါးစားမတတ် ဖိကစားနိုင်ခဲ့တာပါ။ သူတို့ကတော့ အခွင့်အရေး တစ်ကြိမ်ရတာနဲ့ ဂိုးသွင်းသွားပြီး ဒါပါပဲ၊ ကိုယ်က အိမ်ပြန်ရတော့တာပဲလေ။ အခုက အဲဒီအတိုင်းအတိအကျ ဖြစ်သွားတာပါ" လို့ ဆိုပါတယ်။
ဂါဗီက နှစ်ကျော့လုံးမှာ ဘာစီလိုနာက ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်မှာ ၂ ဂိုးပဲ ရခဲ့ပြီး အက်သလက်တီကိုကတော့ ဂိုးပေါက်တည့်မှု ၄ ကြိမ်မှာ ၃ ဂိုးအထိ ရရှိခဲ့တဲ့ စာရင်းအင်းအချက်အလက်တွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။