အာမေးနီးယားနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ရော်နယ်ဒိုတစ်ယောက် အလွန်စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ ပေါ်တူဂီဥက္ကဌပြော
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဌ မာဆယ်လိုရီဘယ်လိုက အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ အာမေးနီးယားကို ၉-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကိုလွဲချော်ခဲ့တာကြောင့် အလွန်အမင်းစိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီဟာအာမေးနီးယားကို သမိုင်းဝင်ဂိုးပြတ်နိုင်ပွဲအဖြစ် ၉-၁ နဲ့အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။
ရော်နယ်ဒိုဟာ အိုင်ယာလန်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးအကြိမ် တိုက်ရိုက်အနီကတ်ပြသခံရခဲ့တာကြောင့် ယခုအာမေးနီးယားနဲ့ပွဲစဉ်ကို လွဲချော်ခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာလည်း ပါဝင်ကစားခွင့်ရဖို့ မသေချာသေးပါဘူး။
ကစားသမားဘဝ ဂိုး ၁၀၀၀ ပြည့်မြောက်ဖို့နဲ့ ပေါ်တူဂီအတွက်ကမ္ဘာ့ဖလားဆွတ်ခူးပေးဖို့ ကြိုးပမ်းနေတဲ့ရော်နယ်ဒိုအတွက်တော့ အဆိုပါအနီကတ်ပြစ်ဒဏ်ဟာ အတော်လေးထိုးနှက်ချက်ပြင်းထန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အာမေးနီးယားနဲ့ပွဲစဉ်မှာ ပေါ်တူဂီကွင်းလယ်လူတွေဖြစ်တဲ့ ဂျာအိုနီဗက်စ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က ဟက်ထရစ်တွေကိုယ်စီသွင်းယူခဲ့ကြပေမယ့် ရော်နယ်ဒိုကတော့ အပြင်ကနေပဲ ကြည့်ခွင့်ရခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ပေါ်တူဂီဘောလုံးဥက္ကဌ မာဆယ်လိုရီဘယ်လိုက "အသင်းမှာ ရော်နယ်ဒိုအတွက် အမြဲတမ်းနေရာရှိပါတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာလည်း အမြဲတမ်းရှိနေမယ့်ကစားသမားပါ။ ဒီနေ့သူမပါဝင်နိုင်ခဲ့တဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ အသင်းခေါင်းဆောင်တစ်ယောက်ရှိသင့်တဲ့ပွဲမှာ ရော်နယ်ဒိုမပါခဲ့ရပါဘူး။ ပါရမီရှင်တွေက အသင်းအတွက်အမြဲတမ်းပေးဆပ်လိုကြတာချည်းပါပဲ"
"နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကိုလည်း ချီးကျူးချင်ပါတယ်။ သူက ဒီလိုရလဒ်နဲ့ထိုက်တန်ပါတယ်။ လူတွေက ပေါ်တူဂီနည်းပြရာထူးနဲ့ သူနဲ့မထိုက်တန်ဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူကတော့ အဲဒီဆူညံသံတွေကိုအာရုံမစိုက်ဘဲ ပုံမှန်အတိုင်းစွမ်းဆောင်ခဲ့ပါတယ်။ ခြေစစ်ပွဲမအောင်မြင်မှာစိုးရိမ်ခဲ့ကြပေမယ့် အခုတော့ ၉-၁ ဆိုတဲ့ရလဒ်က ကျွန်တော်တို့အတွက်ပျော်စရာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုအောင်မြင်ပြီး ပြိုင်ပွဲသို့တိုက်ရိုက်တက်လှမ်းနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အယ်လ်နာဆာကြယ်ပွင့်က ယခုတစ်ခေါက်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်နိုင်ကြောင်းဝန်ခံပြောကြားထားပေမယ့် အယ်လ်နာဆာနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့်ကစားသမားဘဝမှအနားမယူမီ နောက်ထပ် ၂ နှစ်လောက်တော့ ဆက်လက်ကစားသွားဦးမှာဖြစ်ပါတယ်။