
ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီးနောက် တော့တင်ဟမ် ကြယ်ပွင့်ကို ကမ္ဘာ့အကောင်းဆုံး လို့ချီးကျူးလိုက်တဲ့ ဂါနာချို
ဘီလ်ဘာအိုတွင် ဘရီနန် ဂျွန်ဆင်ရဲ့ ပထမပိုင်းဂိုးဖြင့် တော့တင်ဟမ်တို့က ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရိုမဲရိုဟာ ထိုပွဲတွင် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ဟာ ပွဲပြီးချိန်တွင် ဟယ်ရီ မက်ဂွါရီနှင့်လည်း စကားများခဲ့ပြီး ယူနိုက်တက် ဗဟိုခံစစ်မှူးက သူ့ပြိုင်ဘက်ကို ဒေါသတကြီး ရင်ဆိုင်ခဲ့တာပါ။
ဂါနာချိုက တစ်ချိန်တည်းမှာပင် အာဂျင်တီးနား လက်ရွေးစင်အသင်းတွင် ရိုမဲရိုနှင့်အတူ ကစားနေပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားကို ယခုအခါ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ် သတ်မှတ်သင့်တယ်လို့ ထင်နေပါတယ်။ "ကျွန်တော်တို့ ကူတီ ကို သိပါတယ် သူဟာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးပါ"
"သူက ဒါနဲ့ ထိုက်တန်ပါတယ် သူ့အတွက် ဂုဏ်ယူပါတယ်" လို့ ဂါနာချိုက ယူနိုက်တက် ယူရိုပါလိဂ် ဗိုလ်လုပွဲ ရှုံးနိမ့်ပြီးနောက် ESPN Argentina ကို ပြောကြားခဲ့ပါတယ်။ ရိုမဲရိုကတော့ နွေရာသီ အပြောင်းအရွှေ့ ကာလမတိုင်မီမှာ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ် နှစ်သင်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားပါတယ်။
သူဟာ ပြီးခဲ့တဲ့လက သူ့ရဲ့ ကစားသမားဘဝ မပြီးဆုံးမီ လာလီဂါတွင် ကစားလိုကြောင်း ဝန်ခံခဲ့ပြီးနောက် တော့တင်ဟမ်ရှိ သူ့ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ကောလာဟလများကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ ပြင်ပကနေ ပြောဆိုနေတာတွေက ကျွန်တော် တားဆီးလို့ မရပါဘူး"
"ဒီကလပ်အတွက် အရာအားလုံးကို ကျွန်တော် အမြဲတမ်း ပေးဆပ်ပါတယ် ဒီအင်္ကျီအတွက် ကျွန်တော့်အစွမ်းကုန် ပေးဆပ်ပါတယ်။ ကျွန်တော် အနိုင်ရဖို့ သမိုင်းမှတ်တိုင်တင်ဖို့ စိတ်ဓာတ်နဲ့ လာခဲ့တာပါ၊ တော့တင်ဟမ်မှာ ကျွန်တော့်နာမည်ကို ထွင်းထုချင်ခဲ့ပါတယ်"
"အခုတော့ ကျွန်တော့်ကို အရာအားလုံးပေးတဲ့ ကျွန်တော့်မိသားစုနဲ့အတူ အောင်ပွဲခံပါတော့မယ် ကျွန်တော် သူတို့အပေါ် အကြွေးတင်နေပါတယ်" လို့ ဗိုလ်လုပွဲအပြီး သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ရိုမဲရိုက ပြောကြားခဲ့ပါတယ်။