
စပိန်ကိုရှုံးနိမ့်ခဲ့လို့ စိတ်ပျက်မိကြောင်းဖွင့်ဟလာတဲ့ အမ်ဘာပေ
သောကြာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေနေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ စပိန်ကို ၅-၄ နဲ့ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရပြီးနောက် ပြင်သစ်စူပါစတား ခီလီယန်အမ်ဘာပေက ရလဒ်အတွက်စိတ်ပျက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်ဟာ သွင်းဂိုးတွေအတော်လေးမြိုင်ဆိုင်ခဲ့သလို၊ အကြိတ်အနယ်ရှိတဲ့ပွဲစဉ်ဖြစ်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာတော့ စပိန်ကပဲ ဂိုးတွေစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နီကိုဝီလီယမ်စ်၊ မီခေးလ်မီရီနိုတို့ရဲ့သွင်းဂိုးတွေနဲ့ ပထမပိုင်းအတွင်းစပိန်ဟာ ပြင်သစ်ကို ၂ ဂိုးပြတ်ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာလည်း စပိန်ကပဲဦးဆောင်ဂိုးတွေထပ်မံရရှိခဲ့ပြီး ယာမယ်လ်က သူ့ကြောင့်ရတဲ့ပင်နယ်တီမှတစ်ဆင့် တတိယဂိုးသွင်းယူကာ၊ ကွင်းလယ်လူ ပီဒရီက စတုတ္ထဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။ ၄ ဂိုးအထိခွင့်ပြုလိုက်ရပြီးနောက်မှာတော့ ပြင်သစ်က တိုက်စစ်ဆင်မှုတွေဆက်တိုက်ပြုလုပ်ခဲ့ရာ ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အမ်ဘာပေက အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပါတယ်။
သို့သော်လည်း စပိန်က ပဉ္စမမြောက်သွင်းဂိုးထပ်မံရရှိခဲ့ပြီး ယာမယ်လ်ကပဲ တစ်ကိုယ်တော်အစွမ်းနဲ့ ညာတောင်ပံမှ ဆွဲယူကန်သွင်းခဲ့တာဖြစ်ပါတယ်။ ရလဒ်က ၅-၁ အထိဖြစ်နေခဲ့ပေမယ့် ပြင်သစ်ကတော့ စိတ်ဓာတ်ပိုင်းရော၊ ကစားအားပါ ကျဆင်းသွားခြင်းမရှိဘဲ နောက်ကနေဂိုးတွေလိုက်သွင်းခဲ့လို့၊ ၅-၄ ဆိုတဲ့ရလဒ်အထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲစဉ်ရဲ့ရလဒ်အရ ပြင်သစ်ဟာ တတိယနေရာလုပွဲမှာ ဂျာမနီနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး စပိန်ကတော့ ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့ ထိပ်တိုက်ရင်ဆိုင်သွားရပါမယ်။
ယခုပွဲစဉ်ဟာ နေရှင်းလိဂ်သမိုင်းတစ်ယောက် နှစ်သင်းပေါင်းသွင်းဂိုး ၉ ဂိုးအထိရှိခဲ့တဲ့ ပထမဆုံးပွဲစဉ်ဖြစ်လာသလို၊ ပြင်သစ်အနေနဲ့လည်း ၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ပွဲတည်းမှာ သွင်းဂိုး ၅ ဂိုးအထိခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ သို့သော်လည်း အခုလိုရလဒ်အတွက်အမ်ဘာပေဟာ အသင်းရဲ့ခံစစ်ပိုင်းကို အပြစ်တင်ခြင်းမရှိဘဲ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကိုသာ ဝေဖန်လာခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်က "ကျွန်တော်တို့ ဒီပွဲမှာ ခံစစ်ကအတော်လေးပေါက်ခဲ့ပါတယ်။ ပထမပိုင်းမှာ ၁၀ မိနစ်အတွင်း ၂ ဂိုးခွင့်ပြုခဲ့ရသလို၊ ဒုတိယပိုင်းမှာလည်း ဒီလိုပါပဲ။ မိနစ် ၉၀ အတွင်း တည်ငြိမ်တဲ့ခြေစွမ်းကိုမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တိုးတက်ခဲ့ပါတယ်။ အသင်းကရှုံးတဲ့အခါတိုင်း အနုတ်သဘောဆောင်တဲ့အချက်တွေရှိပေမယ့် ဒီပွဲမှာတော့ အပြုသဘောဆောင်တဲ့အချက်တွေလည်းရှိခဲ့ပါတယ်"
"ကျွန်တော်တို့က ထိပ်တန်းဘောလုံးအဆင့်မှာကစားနေတာဖြစ်လို့ အသင်းကညံ့ဖျင်းလို့ ရှုံးနိမ့်ခဲ့တာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ရလဒ်ကိုတော့စိတ်ပျက်မိတာအမှန်ပါပဲ။ ဒီပွဲက ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း ကျွန်တော်လက်မခံနိုင်တာတွေရှိပါတယ်။ ဒါတွေကိုထုတ်ပြောရင်လူတွေက ကျွန်တော်စိတ်တိုလို့ပြောတယ်လို့ထင်ကြပါလိမ့်မယ်။ ကျွန်တော်တို့နောက်ဆုံးမိနစ်အထိတိုက်ပွဲဝင်နိုင်ခဲ့တာကတော့ ကျေနပ်စရာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ပြင်သစ်က ဂိုးပေါက်ကန်သွင်းမှု ၂၄ ကြိမ်အထိပြုလုပ်ခဲ့ပြီး ၉ ကြိမ်အထိဂိုးပေါက်တည့်ခဲ့ပေမယ့် စပိန်ကတော့ ဂိုးပေါက်ကန်သွင်းမှု ၁၆ ကြိမ်မှာ ၈ ကြိမ်သာဂိုးပေါက်တည့်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်အနေနဲ့ သွင်းဂိုးတွေပိုမိုရရှိသင့်ပေမယ့် စပိန်ဂိုးသမား ဆိုင်မွန်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ၄ ဂိုးနဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်ကလည်း "ခံစားချက်တွေရှုပ်ထွေးနေပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် ၂-၀ နဲ့ဦးဆောင်ခံခဲ့ရလို့ ကျေနပ်စရာမဟုတ်ခဲ့ပါဘူး။ ၅-၁ နဲ့ဦးဆောင်ခံခဲ့ရချိန်မှာတော့ ကျွန်တော်တို့အရှုံးမပေးဘဲ ဆက်တိုက်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ဒီပွဲကို စပိန်ထက်ပိုထိန်းချုပ်နိုင်ခဲ့ပြီး အပြုသဘောဆောင်တဲ့အရာတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့ဒီပွဲမှာ ၅ ဂိုးအထိခွင့်ပြုခဲ့ရတာကတော့ စိတ်ပျက်စရာပါ။ သူတို့ကလည်း အခွင့်အရေးရတာနဲ့ အသုံးချနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းရဲ့နောက်တန်းကစားသမားတွေကိုအပြစ်တင်သွားမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ပြိုင်ဘက်နဲ့ တစ်ယောက်ချင်းတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ခဲ့ရလို့ပါ" လို့ပြောကြားခဲ့ပါတယ်။