
တူရကီဒိုင်လူကြီးတွေကို ဝေဖန်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ရိုက်ခံခဲ့ရတဲ့ မော်ရင်ဟို
ဖီနာဘာချီနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တူရကီဒိုင်လူကြီးတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်မှတ်ချက်ပေးခဲ့တာကြောင့် တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူခြင်းကို ခံခဲ့ရပြီး ၄ ပွဲပယ်ပြစ်ဒဏ်ကျခံသွားရမယ်လို့ သိရပါတယ်။ ဒါ့အပြင် တူရကီဘောလုံးအဖွဲ့ချုပ်ဟာ ပေါ်တူဂီသားနည်းပြကို ဒဏ်ကြေးငွေအနေနဲ့လည်း ဒေါ်လာ ၄ သောင်း ၄ ထောင်အထိ ပေးချေစေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဂါလာတာစာရေးကို ၀-၀ နဲ့သရေကျခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန်မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။
တူရကီဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ မော်ရင်ဟိုရဲ့ မှတ်ချက်တွေက ဒိုင်တွေအပေါ် ရှုံ့ချခြင်း၊ တိုက်ခိုက်ခြင်း၊ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်း စတဲ့အချက်တွေနဲ့ ကိုက်ညီနေကြောင်း စွပ်စွဲပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် မော်ရင်ဟိုရဲ့မှတ်ချက်တွေဟာ အားကစားကျင့်ဝတ်ကိုချိုးဖောက်ကြောင်းနဲ့ စည်းကမ်းမလိုက်နာမှုကို အားပေးသလိုဖြစ်စေကြောင်းလည်း စွပ်စွဲထားခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်အတွက် ကွင်းလယ်ဒိုင်ကို ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ ၂ သင်းစလုံးရဲ့တောင်းဆိုချက်အတိုင်း နိုင်ငံခြားသားတစ်ဦးကို တာဝန်ယူစေခဲ့ပြီး ဆလိုဗေးနီးယားလူမျိုး ဆလက်ဗ်ကိုဗင်စစ်ကို ကွင်းလယ်ဒိုင်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ကတော့ ဖီနာဘာချီဟာ အသင်းရဲ့နည်းပြ မော်ရင်ဟိုကို ကာကွယ်တဲ့အနေနဲ့ ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါသေးတယ်။ သို့သော်လည်း ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်နည်းပြဟောင်းကို တူရကီဘောလုံးအဖွဲ့ချုပ်က အရေးယူဖို့သာဆုံးဖြတ်ခဲ့ပြီး ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေပေးဆောင်စေခဲ့တာဖြစ်ပါတယ်။