The network connection is lost.

Banner Image

လူငယ်ကြယ်ပွင့် နွာနီရီကို စာချုပ်သစ်ချုပ်ဆိုနိုင်တော့မယ့် အာဆင်နယ်

အာဆင်နယ်ဟာ အသင်းရဲ့လူငယ်တိုက်စစ်ကြယ်ပွင့် အီသန်နွာနီရီကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာဆက်လက်ထိန်းသိမ်းနိုင်ဖို့ နီးစပ်နေပြီလို့သိရပါတယ်။ The Athletic သတင်းဌာနက အာဆင်နယ်ဟာ နွာနီရီနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီး ကစားသမားကလည်း အသင်းမှာကာလရှည်ဆက်လက်နေထိုင်ဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာပဲ သဘောတူညီမှုရတော့မယ်လို့ဖော်ပြလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ညာတောင်ပံကြယ်ပွင့် ဘူကာယိုဆာကာ ဒဏ်ရာပြဿနာကြောင့်မပါဝင်နိုင်ချိန်မှာ နွာနီရီဟာ အာဆင်နယ်အတွက်လိုအပ်နေတဲ့ တိုက်စစ်နေရာကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ နွာနီရီရဲ့စာချုပ်ဟာ ၁၂ လခန့်သာကျန်ရှိတော့တာဖြစ်ပြီး ဥရောပတစ်ဝှမ်းမှ ထိပ်သီးကလည်းတွေကလည်း ကစားသမားကို စိတ်ဝင်စားနေကြတာကြောင့် အာဆင်နယ်အနေနဲ့ ယခုနွေရာသီမှာပဲ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နွာနီရီဟာ ပြီးခဲ့တဲ့မတ်လက အသက်-၁၈ နှစ်ပြည့်ခဲ့ပေမယ့် ထိုစဉ်က အင်္ဂလန်ယူ-၂၁ အသင်းမှာ ဝင်ရောက်ကစားနေတာကြောင့် အာဆင်နယ်အနေနဲ့ စာချုပ်သစ်ချုပ်ဆိုခွင့်မရခဲ့ပါဘူး။ 

နွာနီရီဟာ အင်္ဂလန်ယူ-၂၁ အသင်းနဲ့အတူ ဥရောပချန်ပီယံရှစ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယခုအခါမှာတော့ အသင်းသို့ပြန်လည်ရောက်ရှိလာတာကြောင့် အာဆင်နယ်အနေနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အင်္ဂလန်သားဟာ နည်းပြမီခေးလ်အာတီတာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ နွာနီရီဟာ ၂၀၂၂ မှာ အာဆင်နယ်အတွက် စတင်ပွဲထွက်ကစားခဲ့သူဖြစ်ပြီး ထိုစဉ်က သူ့ရဲ့အသက်ဟာ ၁၅ နှစ်နဲ့ ၁၈၁ ရက်သာရှိသေးတာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ပါတယ်။ 

ယခုနွေရာသီအတွင်း အသင်းကိုအင်အားဖြည့်တင်းဖို့ ကီပါ၊ မာတင်ဇူဘီမန်ဒီနဲ့ ခရစ်ရှင်နော်ဂတ်တို့ကိုခေါ်ယူထားပြီးဖြစ်တဲ့အာဆင်နယ်အနေနဲ့ နွာနီရီကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်တော့မှာဖြစ်လို့ လာမယ့် ၂၀၂၅-၂၆ ရာသီအတွက် တောင့်တင်းတဲ့လူစာရင်းကို ပြင်ဆင်နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာရဲ့အသင်းဟာ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်ကိုလည်း ခေါ်ယူနိုင်ဖို့အလွန်နီးစပ်နေပြီလို့သိရပါတယ်။