
ကိုပင်ဟေဂင်နဲ့ပွဲစဉ်မှာ အဓိကနောက်ခံလူ ၂ ယောက် ပြန်လည်ပါဝင်လာမယ်လို့ မာရက်စ်ကာအသိပေး
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ဒိန်းမတ်ကလပ် ကိုပင်ဟင်ဂင်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့အဓိကနောက်ခံလူ ၂ ဦးဖြစ်တဲ့ ဝက်စ်လေဖိုဖာနာနဲ့ ဘီနွိုက်ဘာဒီယာရှီးလ်တို့ ပြန်လည်ပါဝင်ကစားနိုင်မှာဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ဒီဇင်ဘာလအလယ်လောက်မှာစတင်ပြီး နောက်တန်းပိုင်းဒဏ်ရာပြဿနာတွေကြောင့် ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရတဲ့ ချဲလ်ဆီးဟာ ယခုအခါမှာတော့ အဓိကနောက်ခံလူတွေကို ပြန်လည်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ နောက်တန်းကစားသမား ၂ ဦးစလုံးဟာ လက်ရှိအချိန်မှာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကို အပြည့်အဝပြုလုပ်ထားနိုင်ပြီဖြစ်ပြီး ဖိုဖာနာကတော့ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်နဲ့ပွဲစဉ်အတွင်း ပါဝင်ကစားခွင့်မရခဲ့ပေမယ့် အရန်ခုံထိုင်မှာရှိနေခဲ့ပါတယ်။
ဒါ့အပြင် ဘာဒီယာရှီးလ်ကလည်း ကွန်းဖရန့်လိဂ်ပွဲစဉ်ကစားဖို့ထွက်ခွာသွားတဲ့ ချဲလ်ဆီးရဲ့ ကစားသမား ၂၁ ယောက်စာရင်းမှာ ပါဝင်လာတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးပရိသတ်တွေအတွက် နောက်ထပ်သတင်းကောင်းတစ်ခုအနေနဲ့ ချာလိုဘာကလည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်လို့ ကစားဖို့အဆင်သင့်ဖြစ်နေတယ်လို့သိရပါတယ်။ဇန်နဝါရီမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးပြီး ချဲလ်ဆီးသို့ပြန်လည်ရောက်ရှိလာတဲ့ ချာလိုဘာဟာ အက်စတွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး အနားယူဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာက "ဖိုဖာနာနဲ့ ဘာဒီယာရှီးလ်တို့ ၂ ယောက်စလုံး အဆင်သင့်ဖြစ်နေပါပြီ။ ချာလိုဘာကလည်း ဒဏ်ရာကြီးကြီးမားမားမရှိတော့လို့ အဆင်ပြေနေပါတယ်။ ဘာဒီယာရှီးလ်က ပြီးခဲ့တဲ့အပတ်ကတည်းက အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုပြန်ရောက်လာတာဖြစ်ပြီး ၁၀ ရက်လောက်အထိ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ထားနိုင်ပါတယ်။ ဖိုဖာနာက လောလောဆယ်အသင်းရဲ့လူစာရင်းထဲမှာမရှိပေမယ့် သူလည်းပြန်လာပါပြီ" လို့ပြောကြားခဲ့ပါတယ်။
တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ နီကိုလက်စ်ဂျက်ခ်ဆန်၊ မာ့ခ်ဂွီယူနဲ့ နိုနီမာဒူကီတို့က နိုင်ငံတကာပွဲစဉ်တွေကျင်းပပြီးတဲ့အချိန်မှာ အသင်းအတွက်ပြန်လည်ကစားပေးနိုင်မှာဖြစ်ပေမယ့် ကွင်းလယ်လူ ရိုမီရိုလာဗီယာကတော့ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ထားနိုင်ကြောင်း မာရက်စ်ကာက ထပ်ဆောင်းအသိပေးခဲ့ပါတယ်။
အီတလီသားနည်းပြက "ကျွန်တော်တို့ ကစားသမားတွေကို ဖြည်းဖြည်းချင်းစီပြန်ရနေပြီဖြစ်ပြီး ရာသီကုန်ကို အင်တိုက်အားတိုက်အဆုံးသတ်နိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အခုလိုဆိုးဝါးတဲ့အခိုက်အတန့်နဲ့တွေ့ကြုံနေရတာ ကစားသမားတွေရဲ့ဒဏ်ရာပြဿနာတွေကြောင့်ပါ။ အခုချိန်မှာတော့ ကစားသမားအချို့ပြန်လာနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ရဲ့အစီအစဉ်အတိုင်းပြန်ကစားနိုင်ပါတော့မယ်။ သူတို့ပြန်လာနိုင်တာက ကျွန်တော့်အတွက်ရော၊ အသင်းအတွက်ပါ ကြီးမားတဲ့တွန်းအားတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။