The network connection is lost.

Banner Image

အယ်လ်ဗာရက်ဇ်ကိုခေါ်ယူဖို့ ချဲလ်ဆီးကို ဖာနန်ဒက်ဇ်တိုက်တွန်း

ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူစေလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလားအလာများနေတဲ့ချဲလ်ဆီးဟာ နောက်ရာသီအတွက် ကစားသမားသစ်တွေကို အခုကတည်းက ပစ်မှတ်ထားစောင့်ကြည့်နေပြီဖြစ်ပါတယ်။ ယခုအခါမှာ ဖာနန်ဒက်ဇ်က ချဲလ်ဆီးအနေနဲ့ သူ့ရဲ့အာဂျင်တီးနား လက်ရွေးစင်အသင်းဖော် ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူပါက တိုက်စစ်အတွက် ပိုမိုအားကောင်းစေမှာဖြစ်ကြောင်း အကြံပေးလာခဲ့ပါတယ်။ 

ဖာနန်ဒက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ဟာ အာဂျင်တီးနားမှာ လက်ရွေးစင်အသင်းဖော်တွေဖြစ်ရုံမက ရေးဗားပလိတ်မှာကတည်းက တစ်သင်းတည်း အတူတူကစားခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရင်နှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားတဲ့ အာဂျင်တီးနားသား ၂ ဦးဟာ ပရီးမီးယားလိဂ်မှာလည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရဖူးပါတယ်။ 

အယ်လ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးအတွက် ၂၀၂၂ ခုနှစ်မှာ ၂၀၂၄ ခုနှစ်အထိ ၂ နှစ်ကြာကစားခဲ့သူဖြစ်ပြီး အာလင်းဟာလန်းရဲ့လောင်းရိပ်အောက်မှလွတ်မြောက်ဖို့ ပြီးခဲ့တဲ့နွေရာသီကမှ အက်သလက်တီကိုသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ အက်သလက်တီကိုအနေနဲ့ အယ်လ်ဗာရက်ဇ်ကိုခေါ်ယူနိုင်ဖို့ ပေါင် ၈၁ သန်းကျော်အထိ သုံးစွဲခဲ့ရပေမယ့် အာဂျင်တီးနားသားဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၅၃ ပွဲကစား ၂၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပြီး ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 

လာမယ့်နွေရာသီမှာ ချဲလ်ဆီးအနေနဲ့ ဘယ်ကစားသမားကို ခေါ်သင့်သလဲလို့ မေးမြန်းခဲ့ရာ ဖာနန်ဒက်ဇ်က "ဂျူလီယန်အယ်လ်ဗာရက်ဇ်ပါ။ ကျွန်‌တော် ဂျူလီယန်နဲ့ မကြာခဏစကားပြောဖြစ်ပြီး အခုတလောမှာ ပိုပြီးတော့ ပြောဖြစ်နေပါတယ်။ ကျွန်တော်တို့ လူငယ်အသင်းနဲ့ လက်ရွေးစင်အသင်းတွေမှာ အတူတူကစားခဲ့ဖူးသလို၊ ရေးဗားပလိတ်မှာတုန်းကလည်း အတူတူကစားခဲ့ပါတယ်။ သူ့က အရမ်းတော်တဲ့ကစားသမားဖြစ်တယ်ဆိုတာတော့ သူ့ရဲ့သွင်းဂိုးတွေနဲ့ သက်သေပြပြီးဖြစ်လို့ အများကြီးပြောနေစရာမလိုပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ အက်သလက်တီကိုရဲ့ မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကလည်း ဖာနန်ဒက်ဇ်ကို ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ ဖာနန်ဒက်ဇ်က သူ့အနေနဲ့ လာလီဂါမှာ ကစားဖို့စိတ်ဝင်စားကြောင့် ပြောကြားဖူးပေမယ့် လောလောဆယ်မှာတော့ စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်လက်နေထိုင်လိုနေတယ်လို့ ဆိုပါတယ်။ 

ချဲလ်ဆီးအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို တိုးတက်စေဖို့အတွက် ဥရောပတစ်ဝှမ်းထိပ်တန်းတိုက်စစ်မှူးတွေကို ပစ်မှတ်ထားနေပေမယ့် အယ်လ်ဗာရက်ဇ်ကိုတော့ စိတ်ဝင်စားခြင်းမရှိဘဲ ဗစ်တာအိုဆီမင်နဲ့ လီယမ်ဒီလပ်တို့ကိုသာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။