မာလာဂါနဲ့ပွဲစဉ်ကို အယ်လ်ဗာရက်ဇ် ဘာကြောင့်လွဲချော်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဆီမြွန်နီ
အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြဆီမြွန်နီက ဒီနေ့မနက်ပိုင်း၊ မာလာဂါနဲ့ ရင်ဆိုင်ရတဲ့ လာလီဂါရာသီအဖွင့်ပွဲစဉ်အတွက် လူစာရင်းမှာ အယ်လ်ဗာရက်ဇ် မပါဝင်လာမှုနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်မှာ လီကန်အင်နဲ့ ဘေလ်နာတို့ရဲ့ ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေနဲ့အတူ အက်သလက်တီကိုမက်ဒရစ်က မာလာဂါကို ၂-၀ ဂိုးဖြင့် အိမ်ကွင်းမှာ အနိုင်ယူခဲ့ပါတယ်။
ဘာစီလိုနာ၊ အာဆင်နယ်တို့နဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေချိန် အခုပွဲစဉ်မှာ အိမ်ရှင်တွေအတွက် အယ်လ်ဗာရက်ဇ် ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။
ဒါပေမဲ့ ဆီမြွန်နီကတော့ ဒီတိုက်စစ်မှူးကို ကမ္ဘာ့ဖလားပြိုင်ပွဲကာလအလွန် လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ထပ်မံလိုအပ်နေသေးလို့ ချန်လှပ်ထားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်ကတော့ အားကစားဘက်ဆိုင်ရာ ကိစ္စတွေကိုပဲ ကိုင်တွယ်ပါတယ်။ အယ်လ်ဗာရက်ဇ်က တကယ်ကို အံ့ဩစရာကောင်းတဲ့ ကောင်လေးတစ်ဦးပါ။ ကျွန်တော်တို့ အမြဲတမ်းပြောဖြစ်သလိုပဲ စကားပြောခဲ့ကြပြီး... သူ့အတွက် လေ့ကျင့်ရေးတွေ ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။ သူက ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ကျွန်တော်ပြောခဲ့ဖူးသလို အခုထိလည်း အဲဒီအတိုင်းပဲ ထင်ပါတယ်။ ကျွန်တော်က သူ့ကိုအခြေပြုပြီး အသင်းတစ်ခု တည်ဆောက်ချင်ပါတယ်" လို့ ဆီမြွန်နီက Mirror ဆီ ပြောကြားခဲ့ပါတယ်။