The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာမယ့်အကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ အီလီယော့

အင်္ဂါနေ့နံနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ လီဗာပူးအတွက် ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးခဲ့တဲ့ တောင်ပံကစားသမား အီလီယော့က သူ့အနေနဲ့ ကစားသမားဘဝ ပိုကောင်းလာစေဖို့အတွက် အသင်းကနေထွက်ခွာဖို့ လိုအပ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ လီဗာပူးနည်းပြ အန်းစလော့ဟာ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်နဲ့ အလက်ဇန်းဒါးအားနိုးလ်တို့အပါအဝင် အသင်းရဲ့ အဓိက ကစားသမား ၇ ဦးလောက်ကို အရန်ခုံထိုင်ခိုင်းခဲ့ပြီး လူငယ်ကစားသမားလေးတွေကိုသာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် အီလီယော့တစ်ယောက်လည်း ယခုပွဲစဉ်မှာ ပွဲထွက်ပါဝင်ခဲ့ပြီး ခြေစွမ်းပြသကစားနိုင်ခဲ့ပေမယ့် အသင်းအတွက် နိုင်ပွဲရရှိအောင်တော့ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။ လီဗာပူးအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၉ မိနစ်မှာ အီလီယော့က ကော်နာဘရက်ဒ်လေရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် စတင်သွင်းယူနိုင်ခဲ့ပြီးအီတလီသားဟာ ပထမပိုင်းပြီးကာနီးမှာလည်း ဆိုဘိုဆလိုင်းအတွက် ဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 

သို့သော်လည်း ဘရိုက်တန်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေကို အာယာရီ၊ မီတိုမာနဲ့ ဟင်ရှဲလ်ဝုဒ်တို့က ပြန်လည်သွင်းယူပေးခဲ့တာကြောင့် လီဗာပူးတို့ အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာ အီလီယော့က "ကျွန်တော်တို့ နိုင်ပွဲပြန်ရဖို့ကြိုးစားခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံးမှာလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြပါတယ်။ ကျွန်တော့်လိုပဲ အပြည့်အဝကစားခွင့်မရတဲ့ ကစားသမားတွေ ရှိနေပါသေးတယ်"

"ကျွန်တော်တို့ နိုင်ပွဲရယူပြီး အောင်ပွဲခံချင်ပါတယ်။ ပြီးတော့ အပြုသဘောဆောင်တဲ့အရာတွေကိုလည်း ဖန်တီးချင်ပါတယ်။ လာမယ့်အပတ် နောက်ဆုံးပွဲမှာတော့ နိုင်ပွဲရဖို့ ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ အီလီယော့ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ စုစုပေါင်း ၂ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ ၁၇ ပွဲ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ကစားသမားဟာ ၂၀၂၂-၂၃ ရာသီမှာ ၃၂ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့သလို၊ ၂၀၂၃-၂၄ ရာသီမှာလည်း ၃၄ ပွဲအထိကစားခဲ့ရတာကြောင့် ဒီရာသီမှာ ရရှိခဲ့တဲ့ ကစားခွင့်ဟာ အတော်လေး လျော့နည်းသွားတာဖြစ်ပါတယ်။ 

ဒါကြောင့် သူ့ရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် အန်ဖီးလ်ကနေ ထွက်ခွာဖို့ပြင်ဆင်ထားကြောင်းကို အီလီယော့က "ကျွန်တော်ကစားခဲ့ရတဲ့ပွဲအရေအတွက်က လက်ခံနိုင်ဖို့ခက်ခဲပါတယ်။ ကျွန်တော်တတ်နိုင်သလောက် ကြိုးစားခဲ့ပေမယ့် ဒီထက်ပိုပြီး အခွင့်အရေးမရခဲ့ပါဘူး။ ကျွန်တော့်ကစားသမားဘဝအတွက် အကောင်းဆုံးကို ရွေးချယ်ဖို့လိုအပ်နေပါပြီ။ ကျွန်တော်ဘာတွေလုပ်နိုင်လဲဆိုတာကိုလည်း ပြန်ကြည့်ဖို့လိုနေပါပြီ။ လောလောဆယ်မှာတော့ နောက်ဆုံးပွဲစဉ်အတွက် အာရုံစိုက်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။