The network connection is lost.

Banner Image

ပင်နယ်တီ ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး ရိုးရိုးသားသားထင်မြင်ချက်ပေးလာတဲ့ ဒမ်ဖရိုင်းစ်

ယနေ့နံနက်က အင်္ဂလန်ကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲကစားချိန် ၁၇ မိနစ်အတွင်း သူ့ကြောင့်ပေးခဲ့ရတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောနဲ့ ပတ်သက်ပြီး နယ်သာလန် နောက်ခံလူ ဒန်ဇယ်ဒမ်ဖရိုင်းစ်က ပွဲအပြီးမှာတော့ ရိုးရိုးသားသားပဲ ထင်မြင်ချက်ပေးလာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နယ်သာလန်ကို ၂-၁ နဲ့ အနိုင်ယူပြီး စပိန်နဲ့ ရင်ဆိုင်ရမယ့် ယူရိုဗိုလ်လုပွဲသို့တက်လှမ်းလာခဲ့ပေမယ့် အငြင်းပွားဖွယ်ကိစ္စရပ်တွေကိုတော့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ကွင်းလယ်လူ ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့အတူ ပွဲအစ ၇ မိနစ်မှာပဲ နယ်သာလန်က စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ၁၀ မိနစ်အကြာမှာပဲ ပင်နယ်တီပြစ်ဒဏ်ဘောခွင့်ပြုခဲ့ရတာကြောင့် ချေပဂိုးပြန်လည်သွင်းယူခံခဲ့ရပါတယ်။

ဟယ်ရီကိန်းရဲ့ ဗော်လီကန်ချက်ကို နယ်သာလန်နောက်ခံလူ ဒမ်ဖရိုင်းစ်ဟန့်တားရာမှာ ကွင်းလယ်ဒိုင်က VAR နဲ့စစ်ဆေးကာ ပြစ်ဒဏ်ကျူးလွန်တယ်လို့ သတ်မှတ်ခဲ့တာကြောင့် အင်္ဂလန်တို့ ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ သူ့ကြောင့်ရတဲ့ပင်နယ်တီကို ဟယ်ရီကိန်းက အမှားအယွင်းမရှိကန်သွင်းခဲ့ပြီးနောက် ဒုတိယပိုင်း ပွဲပြီးကာနီးမှာ အင်္ဂလန်အတွက် အဖိုးတန်အနိုင်ဂိုးကို လူစားဝင်ကစားသမား အိုလီဝက်ကင်းစ်က ထပ်မံသွင်းယူခဲ့တာကြောင့် နယ်သာလန်တို့ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဒမ်ဖရိုင်းစ်က အဆိုပါပင်နယ်တီပြစ်ဒဏ်ဘောကြောင့် အာဂျင်တီးနားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၂  ကာတာကမ္ဘာ့ဖလားအဖြစ်အပျက်ကို သတိရမိကြောင်းနဲ့ သူ့အနေနဲ့ အတော်လေးဒေါသထွက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

နောက်ခံလူက “ဒီပွဲမှာ ပင်နယ်တီပေးလိုက်ရတော့ အာဂျင်တီးနားနဲ့ပွဲကအဖြစ်အပျက်ကို သတိရမိသွားပါတယ်။  ဟယ်ရီကိန်းနဲ့ ထိခဲ့မိပေမယ့် ကျွန်တော်က သူ့ရဲ့ကန်ချက်ကိုပဲ ၁၀၀ ရာခိုင်နှုန်းကာကွယ်ခဲ့တာပါ။ ကျွန်တော့်ရဲ့ကာကွယ်မှုက ပြီးပြည့်စုံမှုရှိရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်ပေမယ့် တစ်ဖက်မှာလည်း ကျွန်တော့်အတွက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အခုလိုဆုံးဖြတ်ချက်က ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော် ဒေါသတော့ထွက်ခဲ့မိပါတယ်” “ဘောလုံးက ကျွန်တော်တို့ ၂ ယောက်ကြားထဲမှာ ကျလာပြီး ကျွန်တော်က သူ့ရဲ့ကန်ချက်ကို တားဆီးတဲ့လူပါ။ ဒါကြောင့် သူနဲ့ထိခဲ့မိပါတယ်။ ကျွန်တော့်မှာ သူ့ကိုထိဖို့ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ ဂိုးပေးခဲ့ရပေမယ့် ကျွန်တော့်အနေနဲ့ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” “ဒီပွဲရဲ့ရှုံးနိမ့်မှုက ခါးသီးပါတယ်။ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ပြီး သူတို့က နောက်ကနေလိုက်ကစားခဲ့ရတာပါ။ ကွင်းထဲမှာ ပရိသတ်တွေလည်း အများကြီးရှိခဲ့ပြီး ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့အတွက် ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပေမယ့် နယ်သာလန်ရဲ့ ကြိုးစားမှုကို ချီးကျူးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ပင်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့တာက အရှက်ရစရာဖြစ်ကြောင်းနဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို မယုံကြည်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ နဗီးလ်က “နောက်ခံလူတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ဒါဟာ အလွန်ရှက်စရာကောင်းတဲ့ဆုံးဖြတ်ချက်ပါ။ လုံးဝ ရှက်ဖို့ကောင်းပါတယ်။ ဒီလောက်အရေးကြီးတဲ့ပွဲစဉ်မှာ ဘာမဟုတ်တာလေးနဲ့ ပင်နယ်တီပေးလိုက်ရတဲ့ နောက်ခံလူတစ်ယောက်အနေနဲ့ စာနာကြည့်ပါ” “ဒမ်ဖရိုင်းစ်က ကိန်းရဲ့ကန်ချက်ကို တားဆီးရုံသက်သက်ပဲ လုပ်ခဲ့တာပါ။ ကျွန်တော့်အတွက်တော့ ဒါကပြစ်ဒဏ်ဘော မဟုတ်ပါဘူး။ ပင်နယ်တီပေးဖို့ နီးတောင်မနီးစပ်တဲ့အနေအထားပါ။ အင်္ဂလန်ကစားသမားတွေကလည်း ပင်နယ်တီရဖို့ အသည်းအသန်မတောင်းဆိုခဲ့ကြပါဘူး။ ကိန်းက လှဲပြီး ခြေထောက်ကိုနှိပ်နေခဲ့ပေမယ့်  ကျွန်တော်သာ ကွင်းလယ်ဒိုင်ဆိုရင် ဒါမျိုးကို ဘယ်တော့မှပင်နယ်တီမပေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။