ဂျာမနီအသင်းဆီမှ ထူးခြားတဲ့ အလားအလာကောင်းတွေ မြင်တွေ့လာရလို့ ယာဂန်ကလော့ပ် ကျေနပ်အားရနေ
ယမန်နေ့(တနင်္လာနေ့)၊ ဘာလင်မြို့မှာ နယ်သာလန်ကို ၅-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ယူခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အပြီး ဂျာမနီနည်းပြယာဂန်ကလော့ပ်က ထူးခြားတဲ့အရာတစ်ခုဆီ ရောက်ရှိနိုင်ဖို့ သူ့ရဲ့အသင်း ဦးတည်နေတယ်လို့ ခံစားမိနေပါတယ်။
ဂျာမနီက အုပ်စုတတိယနေရာဖြင့် အခုပွဲစဉ်ကို စတင်ယှဉ်ပြိုင်ခဲ့ပေမဲ့ တနင်္လာနေ့နိုင်ပွဲအပြီးမှာတေတာ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆု လေးကြိမ်ရရှိခဲ့တဲ့ ဂျာမနီအသင်းက လတ်တလောကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ်ဆက် အောင်မြင်မှုမရရှိဘဲ စောစောစီးစီးထွက်ခွာလာရပြီးနောက် လီဗာပူးနည်းပြဟောင်းကို ပဲ့ကိုင်ရှင်အသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ကျဆင်းနေတဲ့ ဂျာမနီရဲ့ကံကြမ္မာကို ပြန်လည်မြှင့်တင်ပေးဖို့ တာဝန်ပေးအပ်ခံခဲ့ရသလို ၂၀၂၈ ယူရိုနဲ့ ၂၀၃၀ ကမ္ဘာ့ဖလားတို့အထိ အကျုံးဝင်တဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတဲ့ ကလော့ပ်က သူ့ရဲ့အသင်းမှာ ကြီးမားတဲ့အရာတစ်ခုခုကို စွမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ARD သတင်းဌာနဆီ ကလော့ပ်က "လူတိုင်းရဲ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့အတူ အိမ်ပြန်သွားကြပါပြီ။ အနည်းဆုံးတော့ လာမယ့်သုံးလေးလလောက်အထိ ဂျာမနီလက်ရွေးစင်အသင်းနဲ့ပတ်သက်လို့ ဘယ်သူမှ မေးခွန်းထုတ်ကြတော့မှာ မဟုတ်ပါဘူး"
"ဒီလိုမေးခွန်းထုတ်မယ့်အစား သူတို့တွေ တကယ့်ကို ကြီးကျယ်တဲ့အရာတစ်ခု ဖြစ်လာနိုင်တယ်လို့ တွေးနေကြပါလိမ့်မယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး ကလော့ပ်က "ကျွန်တော်တို့ဆီမှာ အံ့ဖွယ်ကစားသမားတွေ၊ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေ ရှိနေပါတယ်" လို့ ပြောကြားခဲ့သလို "ကစားသမားတွေကိုယ်တိုင်တောင် သူတို့ကိုယ်သူတို့တောင် ပြန်ပြီး အံ့အားသင့်စေခဲ့ပါတယ်" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ နယ်သာလန်ကို အပိုင်းပိုင်းဖြစ်အောင် ဖြိုခွဲရင်း တချို့အချိန်တွေမှာဆိုရင် ဂျာမနီရဲ့ခြေစွမ်းက ဘယ်လိုမှတားဆီးမရနိုင်အောင် ဖြစ်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဖလော်ရီယန်ဝစ်ဇ် နှစ်ဂိုးသွင်းယူခဲ့သလို ရှာဟန့်၊ ရှလော့တာဘတ်ချ်နဲ့ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဂရူဒါတို့လည်း သွင်းဂိုးကိုယ်စီ ရရှိခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေးကို ရှုံးနိမ့်ပြီးနောက် ရက်ပေါင်း ၁၅၀ အကြာမှာ ဒီနိုင်ပွဲ ပေါ်ပေါက်လာခဲ့ပြီး ကလော့ပ်ကလည်း သူ့ကစားသမားတွေရဲ့ခြေစွမ်းပိုင်းနဲ့ အနာဂတ်ကို ချီးကျူးခဲ့ပါတယ်။
"ဒီမှာ ကျွန်တော်တို့အတွက် မယုံနိုင်စရာ ကစားသမားတချို့ ရှိနေသလို နောက်မျိုးဆက်သစ်တွေလည်း ထွက်ပေါ်လာနေပါပြီ" လို့ ကလော့ပ်က ပြောပါတယ်။
လာမယ့်သောကြာနေ့၊ ဆွစ်ဇာလန်မှာ မဲခွဲပွဲအခမ်းအနားပြုလုပ်ဖို့ရှိနေပြီး ဂျာမနီအတွက် နောက်ထပ်ပြိုင်ဘက် ဘယ်သူဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ကမ္ဘာ့ချန်ပီယံ စပိန် သို့မဟုတ် ပေါ်တူဂီ သို့မဟုတ် ဘယ်လ်ဂျီယံ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
"ကျွန်တော် ဒါကို ကြည့်ပြီးပါပြီ။ တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်တွေချည်းပါပဲ။ ကျွန်တော်တော့ အခုကတည်းက စိတ်လှုပ်ရှားမှုအပြည့် မျှော်လင့်စောင့်စားနေပါပြီ" လို့ ကလော့ပ်က ဆိုပါတယ်။