ဘာစီလိုနာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့တောင်းပန်မှုကို ဆီမြွန်နီ ချီးကျူး
အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီက ပရိသတ်တွေဆီ သတင်းစကားပါးရင်း အခုသီတင်းပတ်အတွင်း ဂျူလီယန်အယ်လ်ဗာရက်ဇ်ရဲ့တောင်းပန်စကားပြောဆိုမှုကို ချီးကျူးလိုက်ပါတယ်။
အခုသီတင်းပတ်ကုန်ပိုင်း၊ ဒီပို့တီဗိုကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသောအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အယ်လ်ဗာရက်ဇ်က အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေဆီ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။
ဘာစီလိုနာဆီ အတင်းအကျပ်ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အသင်းက အတင်းအကျပ်ပိတ်ပင်တားဆီးပြီးနောက် အခုတော့ ဒီတိုက်စစ်မှူးရဲ့တောင်းပန်စကား ထွက်ပေါ်လာခဲ့ပါတယ်။
သူက "ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကျွန်တော်ပြောခဲ့တဲ့ စကားတွေအတွက် ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ကျွန်တော်ပြောဆိုခဲ့တဲ့ ပုံစံရော၊ အချိန်အခါပါ နှစ်ခုလုံးမှာ ကျွန်တော့်ရဲ့အမှား ဖြစ်ခဲ့ပါတယ်"
"ပရိသတ်တွေ ဘာကြောင့် ဒေါသထွက်ခဲ့ကြသလဲဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်သာ ပရိသတ်တစ်ဦး ဖြစ်မယ်ဆိုရင်လည်း ဒေါသထွက်မိပါလိမ့်မယ်" လို့ ပြောပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဘာစီလိုနာအတွက် ကစားပေးချင်တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်လိုတယ်လို့ အယ်လ်ဗာရက်ဇ်ကိုယ်တိုင် ထုတ်ဖော်ပြောဆိုခဲ့လို့ ဘောလုံးရာသီအစပိုင်းမှာ ပရိသတ်တွေရဲ့လှောင်ပြောင်အော်ဟစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီတောင်းပန်မှုနဲ့ပတ်သက်ပြီး ဆီမြွန်နီက အယ်လ်ဗာရက်ဇ်ကိုယ်တိုင် လက်ကျန်ဘောလုံးရာသီပွဲစဉ်တွေဆီ ရှေ့ဆက်ဖို့အတွက် မှန်ကန်တဲ့စိတ်နေစိတ်ထားကို ပြသနိုင်ခဲ့ပြီး ဒီလိုတောင်းပန်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
Marca သတင်းစာရဲ့ဖော်ပြချက်အရ နည်းပြက "ခွင့်လွှတ်မှုတောင်းခံတဲ့ အခိုက်အတန့်ကို ကျွန်တော် အရမ်းတန်ဖိုးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ မလွယ်ကူလို့ပါပဲ။ ဂျူလီယန်အယ်လ်ဗာရက်ဇ်က နှိမ့်ချပြီး အလုပ်ကြိုးစားတဲ့ ကောင်လေးတစ်ဦးဖြစ်သလို သူ့ရဲ့ အသင်းဖော်တွေကိုလည်း ချစ်ခင်ပါတယ်။ သူ့ရဲ့တောင်းပန်မှုကို ကျွန်တော် တန်ဖိုးထားမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူ့ကို ရှိသင့်တဲ့ နေရာဆီ ပြန်ရောက်စေနိုင်လို့ပါပဲ။ ဒါ မှန်သလား၊ မှားသလားဆိုတာကို ဆုံးဖြတ်ဖို့ ကျွန်တော် ဒီမှာရှိနေတာ မဟုတ်ပါဘူး။ ဘဝဆိုတာ တိုးတက်ပြောင်းလဲနေပြီး ဒီလိုလုပ်ရပ်မျိုးကို ကျွန်တော် တန်ဖိုးထားသလို ကြိုဆိုပါတယ်"
"သူ အရမ်းကောင်းတဲ့ပွဲစဉ်တစ်ခုကို ကစားနိုင်ခဲ့သလို ပရိသတ်တွေလည်း အသင်းရဲ့သွင်းဂိုးလိုပဲ သူ့ရဲ့ဂိုးကို အတူတူ အောင်ပွဲခံခဲ့ကြပါတယ်။ ဂျူလီယန်အယ်လ်ဗာရက်ဇ်က ဒီရက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်လိုပဲ ထူးထူးချွန်ချွန် ကစားခဲ့ပါတယ်။ ဒီလိုခြေစွမ်းမျိုးမှာရှိနေတဲ့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ကျွန်တော်တို့ လိုအပ်ပါတယ်"
"ရလဒ်နဲ့ပတ်သက်လို့ ကျွန်တော် အရမ်းဝမ်းသာမိပြီး ဒီနေ့မှာ ကျွန်တော်တို့အတွက် သုံးမှတ်အပြည့်ရယူပေးနိုင်ဖို့အတွက် စတုဂတ်နဲ့ပွဲစဉ်လိုမျိုးပဲ အယ်လ်ဗာရက်ဇ်ခြေစွမ်းပြသနိုင်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" လို့ ဆိုပါတယ်။
မန်စီးတီးတိုက်စစ်မှူးဟောင်းနဲ့ အာဆင်နယ်တို့အကြား အပြောင်းအရွှေ့သတင်းတွေလည်း အပြင်းအထန် ထွက်ပေါ်ခဲ့ဖူးပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလဆီ ရောက်ရှိလာချိန် ဒီသတင်းတွေ နောက်တစ်ကြိမ် ပြန်လည်အသက်ဝင်လာနိုင်ပါတယ်။