အောင်မြင်မှုအပေါင်းသရဖူဆောင်းခြင်း(သို့မဟုတ်) သုံးနှစ်ဆက် ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး
ပရီးမီးယားလိဂ်ဖလားလုပွဲကြီးလည်း တစ်ရာသီပြီးဆုံးသွားခဲ့ပြန်ပါပြီ။ မန်စီးတီးအသင်းကတော့ ထပ်ခါထပ်ခါ လုပ်ပြနေတဲ့အရာတွေကြောင့် ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်သွားတော့မှာပါ။
အာဆင်နယ်အသင်း စနေညက နော်တင်ဟမ်ဖောရက်စ်ကို ရှုံးသွားခဲ့ပြီးနောက် မန်စီးတီးဟာ နောက်ဆုံး၆နှစ်မှာ ၅ကြိမ်မြောက်အဖြစ် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းနဲ့ ကိုက်ညီတာဆိုလို့ ယူနိုက်တက် တစ်သင်းသာ ရှိခဲ့ပါတယ်။ အလားတူ မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို သုံးကြိမ်ဆက် ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒါကလည်း ယူနိုက်တက်ရဲ့မှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ရာသီ မန်စီးတီးရဲ့အောင်မြင်မှုတွေကို ပိုမိုပေါ်လွင်စေတာကတော့ ပရီးမီးယားလိဂ်အပြင် ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေကိုပါ ဆွတ်ခူးခွင့်ရှိနေတာပါပဲ။
ချန်ပီယံလိဂ်မှာဆိုရင် ချန်ပီယံလိဂ်ဘုရင်ကြီးလို့ သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ လေးဂိုးပြတ်သွင်းပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရာသီကုန်ရင် မန်စီးတီးဟာ ယူနိုက်တက်၊ အင်တာမီလန်တို့နဲ့ ဗိုလ်လုပွဲနှစ်ကြိမ်ဆက် ကစားရမှာပါ။ ဂွါဒီယိုလာလက်ထက် မန်စီးတီးအသင်းဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း ဆုဖလား၁၀ကြိမ်အထိ ဆွတ်ခူးခဲ့သလို ရမှတ်၁၀၀အပါအဝင် စံချိန်ကောင်းများစွာကိုလည်းတင်နိုင်ခဲ့ပါတယ်။ အောင်မြင်မှုများစွားရခဲ့ပေမယ့် ဒီရာသီကစားနေတဲ့ မန်စီးတီးအသင်းလောက် ဘယ်စီးတီးအသင်းကမှ လိုက်မီခဲ့ခြင်းမရှိပါဘူး။
မန်စီးတီးအသင်း ဖလားတွေ ဆက်တိုက်ရနေတာတောင် ပြိုင်ဘက်တွေက လှောင်ပြောင်ခဲ့ကြပေမယ့် ယခုနှစ်ရာသီ မန်စီးတီးကိုတော့ ပြိုင်ဘက် ပရိသတ်တွေကတောင် ချီးကျူးခဲ့ကြပါတယ်။ တစ်ရာသီလုံး ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်းတောင် မန်စီးတီးကို အီတီဟတ်မှာ ဂိုးပြတ်အရှုံးပေးခဲ့ရပါတယ်။ အာဆင်နယ်အသင်း ဇယားထိပ်မှာ ၂၄၈ရက်ကြာအောင် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် နည်းပြ ဂွါဒီယိုလာနဲ့ ကစားသမားတွေက လက်လျော့ခဲ့ခြင်းမရှိကြပါဘူး။ ဒီဘရိုင်း၊ ဂမ်ဒိုဂန်၊ မာရက်ဇ်၊ ဝေါ်လ်ကာတို့လို သက်ကြီးကစားသမားတွေကတောင် ဂွါဒီယိုလာရဲ့ အဓိကကျတဲ့ ကစားသမားတွေအဖြစ် အသင်းကို ဆုဖလားထပ်ယူပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးက လူအင်အားတောင့်လို့ ဖလားရတာဆိုပြီး ပြောဆိုကြပေမယ့် မန်စီးတီးအသင်း အသုံးပြုခဲ့တဲ့ ကစားသမား၂၃ဦးထက် ဘယ်အသင်းကမှ လျော့ပြီးသုံးခဲ့တာမျိုး မရှိပါဘူး။ အသင်းတစ်သင်းကို လေးရာသီထက်ပိုပြီး မကိုင်တတ်တဲ့ ဂွါဒီယိုလာတောင် မန်စီးတီးမှာ တော်တော်လေး တက်ကြွနေပြီး ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားခဲ့ပါတယ်။ ပြိုင်ဘက်တွေပရိသတ်တွေအတွက်တော့ မန်စီးတီးအသင်းက သံသယဖြစ်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ပရီးမီးယားလိဂ်က မန်စီးတီးအသင်းကို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး စွပ်စွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လိဂ်ရဲ့စည်းမျဉ်းတွေအရဆိုရင် မန်စီးတီးအသင်းဟာ လိဂ်ကနေ ထုတ်ပယ်ခံရတာ၊ ရမှတ်လျော့ခံရတာ ဒါမှမဟုတ် ကြီးမားတဲ့ဒဏ်ကြေးပေးဆောင်ရတာမျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ ခုလို စွပ်စွဲမှုတွေအတွက် အံ့အားသင့်ခဲ့ရကြောင်း ဖေဖော်ဝါရီလကပဲ ပြန်လည်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါပေမယ့် အားကစားဆိုင်ရှာရှေ့နေ နစ်ဒီမာကိုကတော့ ဒီလိုကိစ္စမျိုးဟာ လေးနှစ်လောက်ကြာနိုင်တယ်ဆိုပြီး BBCကို ဖြေကြားထားတာကြောင့် မန်စီးတီး အသင်းက အေးအေးဆေးဆေးပဲ ယခုနှစ်ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
ပြိုင်ဘက်ပရိသတ်တွေက မန်စီးတီးအသင်းအပေါ် စွပ်စွဲမှုတွေ၊ သံသယဖြစ်မှုတွေရှိနေဆဲဖြစ်ပေမယ့် စီးတီးကတော့ အောင်မြင်မှုတွေနဲ့ ရှေ့ဆက်နေဆဲသာ ဖြစ်ပါတယ်။