မန်စီးတီးအသင်းဖော်ဟောင်း စတာလင်ကို နာပိုလီထံခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ဒီဘရိုင်း
မန်ချက်စတာစီးတီးအသင်းမှာ အောင်မြင်မှုပေါင်းများစွာကို အတူတူရယူခဲ့ကြတဲ့ ကီဗင်ဒီဘရိုင်းနဲ့ ရာဟင်မ်စတာလင်တို့ဟာ အီတလီကလပ် နာပိုလီအသင်းမှာ ပြန်လည်ဆုံတွေ့ဖို့ ရှိနေပါတယ်။ သူတို့နှစ်ဦးဟာ မန်စီးတီးမှာ ကစားခဲ့စဉ်ကတည်းက အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး လက်ရှိအချိန်အထိလည်း အဆက်အသွယ်ရှိနေကြတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာလာခဲ့တဲ့ စတာလင်ကို စတာဒီယိုဒီယေဂိုအာမန်ဒိုမာရာဒိုနာ ကွင်းဆီ ခေါ်ဆောင်လာနိုင်ဖို့ ဒီဘရိုင်းက ကြိုးပမ်းနေတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
စတာလင်ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ချယ်လ်ဆီးအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့တာဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ဖြတ်သန်းခဲ့တဲ့ ခါးသီးတဲ့အချိန်တွေကို အဆုံးသတ်ခဲ့တာပါ။ သူဟာ ၂၀၂၄ နွေရာသီမှာ အသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့ဘဲ အာဆင်နယ်အသင်းဆီ အငှားသွားရောက်ကစားခဲ့ရပါတယ်။
၂၀၂၅ မှာ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာပေမဲ့လည်း နည်းပြ အန်ဇိုမာရက်စကာရဲ့ အစီအစဉ်မှာ မပါဝင်တာကြောင့် အသင်းကြီးနဲ့ သီးသန့်ခွဲထုတ်ထားတဲ့ အဖွဲ့မှာသာ လေ့ကျင့်ခန်း ဆင်းခဲ့ရတာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ "ရာဟင်မ်စတာလင်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ မန်စီးတီးကနေ ပြောင်းရွှေ့လာခဲ့ပြီး သုံးရာသီခွဲကြာ ကစားပေးခဲ့ပြီးနောက် အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ချယ်လ်ဆီးကစားသမားအဖြစ် သူစွမ်းဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်ရှိပြီး ရှေ့ဆက်မယ့် ကစားသမားဘဝမှာလည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်" လို့လည်း ချယ်လ်ဆီးအသင်းက ဆိုထားပါတယ်။
သည်ဆန်း သတင်းဌာနရဲ့ ဖော်ပြချက်အရ နေပလိုလီအသင်းဟာ လက်ရှိမှာ အလွတ်အေးဂျင့် ဖြစ်နေတဲ့ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီဘရိုင်းကလည်း သူ့ရဲ့သူငယ်ချင်းဟောင်းကို အီတလီမြေကို ရောက်လာဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။
စတာလင်ဟာ အစောပိုင်းက လန်ဒန်ဒေသ ဒါမှမဟုတ် အင်္ဂလန်တောင်ပိုင်းမှာပဲ ဆက်နေချင်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ အခုအခါမှာတော့ ဥရောပတိုက်ပြင်ပကို ထွက်ခွာဖို့ စိတ်အားထက်သန်နေပါတယ်။ သူဟာ ကျဆင်းနေတဲ့ ကစားသမားဘဝကို ပြန်လည်နိုးထစေဖို့အတွက် လစာလျှော့ယူဖို့အထိပါ အဆင်သင့်ရှိနေတာ ဖြစ်ပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ စတာလင်နဲ့ သူတို့ကြားက ခိုင်မာတဲ့ သံယောဇဉ်အကြောင်းကို ဖွင့်ဟခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးလုံးဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ မန်စီးတီးကို တစ်ချိန်တည်းမှာ ရောက်ရှိခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက မီဒီယာတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကိုလည်း အတူတူ ခံခဲ့ရတာပါ။
"သူ့ကို လူဆိုးတစ်ယောက်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒါပေမဲ့ သတင်းစာတွေကတော့ သူဟာ ဘဝင်မြင့်တဲ့သူလို့ အမြဲစွပ်စွဲနေခဲ့ကြတာပါ။ ကျွန်တော်တို့ မန်စီးတီးကို အတူတူရောက်ခဲ့ကြပြီး သတင်းစာတွေက ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ကြလို့ ကျွန်တော်တို့ကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာပါ" လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။
မီဒီယာတွေက သူ့ကို "ချယ်လ်ဆီးရဲ့ အပယ်ခံ" လို့ ခေါ်ဝေါ်ခဲ့ကြသလို စတာလင်ကိုလည်း "ပိုက်ဆံမက်လို့ လီဗာပူးကို စွန့်ခွာခဲ့သူ" လို့ သမုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘရိုင်းကတော့ စတာလင်နဲ့ တွေ့ဆုံပြီးနောက်မှာ သူဟာ တကယ့်ကို လူကောင်းတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ရတာပါ။
"တကယ်တော့ ကျွန်တော့်မှာ ဘောလုံးလောကထဲမှာရော အပြင်မှာပါ သူငယ်ချင်းအရင်းအကြီးကြီး သိပ်မရှိပါဘူး။ လူတစ်ယောက်ကို ရင်းနှီးဖို့ ကျွန်တော့်မှာ အချိန်အကြာကြီး ယူရပါတယ်။ ဒါပေမဲ့ စတာလင်နဲ့ကတော့ သားလေးတွေ အချိန်တူ မွေးခဲ့ကြတာကြောင့် ကလေးတွေ အတူဆော့ရင်းနဲ့ ပိုပြီး ရင်းနှီးသွားခဲ့ကြတာပါ" လို့ ဒီဘရိုင်းက ဆိုပါတယ်။
ဒါ့အပြင် "စတာလင်ဟာ ကျွန်တော်တွေ့ဖူးသမျှ ဘောလုံးသမားတွေထဲမှာ စိတ်အထားအကောင်းဆုံးနဲ့ အနှိမ့်ချဆုံး လူတစ်ယောက်ပါ။ သူဟာ မီဒီယာတွေ ပြောသလိုမျိုး လူစားမျိုး လုံးဝမဟုတ်ပါဘူး" လို့လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။