
ချဲလ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်မှတ်ချက်ပေးလာတဲ့ မာရက်စ်ကာ
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက တာဝန်မှထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြောနေစရာ ဘာအကြောင်းမှမရှိဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းက မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်တို့ကို နှစ်ပွဲဆက်ရှုံးနိမ့်မှုအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲမှာ သုံးပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး စတမ်းဖို့ဒ်ဘရစ်ကွင်းအတွင်းမှာ ချဲလ်ဆီးကစားသမားတွေကိုဦးတည်တဲ့ သရော်လှောင်ပြောင်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။
လတ်တလောမှာ ချဲလ်ဆီးခြေစွမ်းပိုင်းက သိသိသာသာကျဆင်းနေပြီး မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်တို့နဲ့ ရင်ဆိုင်ရချိန်မှာလည်း ရောဘတ်ဆန်းချက်ဇ်၊ ချာလိုဘာတို့ အသီးသီးထုတ်ပယ်ခံခဲ့ရပါတယ်။ အခုလိုရလဒ်ပိုင်းဆိုးရွားနေမှုကြောင့် နည်းပြရာထူးလည်း လှုပ်ခတ်လာပေမဲ့ The Telegraph သတင်းစာအဆိုအရ အနောက်လန်ဒန်ကလပ်အသင်းမှာ ရာသီအလယ်ကာလအတွင်း နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ဆန္ဒမရှိနေဘဲ မာရက်စ်ကာကိုသာ အပြည့်အဝထောက်ခံသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ချဲလ်ဆီးအသင်းနည်းပြက “ ဒီနေရာမှာ အပျက်သဘောဆောင်တဲ့အရာတွေ ရှိနေတယ်လို့ မထင်မိပါဘူး။ ကလပ်အသင်းဘက်ကလည်း ကျွန်တော့်ဆီ ပြီးခဲ့တဲ့ခြောက်လအတွင်း ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ငါးခုရဲ့အချက်အလက်တွေကို ပြသခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်ငါးခုမှာ (ဘရိုက်တန်၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်နဲ့ ဖလာမင်ဂိုတို့ကို ရင်ဆိုင်ရတဲ့ပွဲစဉ်) လေးခုက အနီကတ်ပြစ်ဒဏ်တစ်ခုစီ ပါဝင်ခဲ့ပါတယ်။
ကစားသမား ၁၁ ဦးစီနဲ့ယှဉ်ပြိုင်ကစားရင်း ကျွန်တော်တို့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ဘိုင်ယန်မြူးနစ်နဲ့အဝေးကွင်းပွဲစဉ်တစ်ခုပဲ ရှိပါတယ်။ ဘောလုံးလောကဆိုတာ ရူးသွပ်နေတဲ့ကမ္ဘာတစ်ခုလို့ သိရှိထားခြင်းကြောင့် ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အတွက် ထိတ်လန့်နေစရာ အကြောင်းရင်း လုံးဝမရှိပါဘူး။
ကျွန်တော်တို့လည်း နိုင်ပွဲတွေကို ကြိုက်နှစ်သက်ပါတယ်။ ဒါပေမဲ့ အစစ်အမှန်တရားကိုယ်တိုင်ကလည်း ဒီနေရာမှာ ဖိအားတစုံတရာမရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့ဖိအားက ချဲလ်ဆီးကစားသမားတစ်ဦးအဖြစ်၊ ချဲလ်ဆီးနည်းပြအဖြစ် နိုင်ပွဲတွေ မဖြစ်မနေလိုအပ်တယ်ဆိုတဲ့ ဖိအားပါပဲ။ ဒါပေမဲ့ တချိန်တည်းမှာပဲ တကယ့်အဖြစ်မှန်ကိုယ်တိုင်က အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နေပြန်ပါတယ်။ ခြောက်လအတွင်း ငါးပွဲလောက်ကို အနီကတ်တွေ၊ ဒဏ်ရာကိစ္စတွေကြောင့် အရေးနိမ့်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒါကို သိပ်မဆိုးလောက်ဘူးလို့ ကျွန်တော်တွေးမိပါတယ်။
နောက်ဆုံးနှစ်ပွဲကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်း မန်ချက်စတာယူနိုက်တက်၊ ဘရိုက်တန်တို့ကို ကစားသမား ၁၀ ဦးနဲ့အတူ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ပိုကောင်းခဲ့သင့်တယ်ဆိုတာ သေချာပါတယ်။ ဘယ်နည်းပြအတွက်မဆို ကစားသမား ၁၀ ဦးတည်းနဲ့ တိုက်ပွဲဝင်ရတာ ပုံမှန်အခြေအနေမဟုတ်လို့ ဒါကို သင်ခန်းစာတစ်ခုလို့ပဲ ယူဆထားပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ ချဲလ်ဆီးက မော်ရင်ဟိုရဲ့ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဆင်နွှဲရဖို့ရှိနေပြီး ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဂျော်အိုပက်ဒရို၊ ကိုင်စီဒိုနဲ့ အန်ဒရေဆန်းတို့စ်တို့ကို လက်လွှတ်သွားရဖွယ် ရှိပါတယ်။