ဥရုဂွေးကိုအသည်းခွဲပြီး ကိုပါအမေရိကဗိုလ်လုပွဲသို့တက်ရောက်သွားတဲ့ ကိုလံဘီယာ
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုလံဘီယာဟာ ဥရုဂွေးကို ၁-၀ နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်တာကြောင့် လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ကိုလံဘီယာဟာ ပထမပိုင်းအပြီးမှာ ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရတာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံးကို တစ်ယောက်လျော့အနေအထားနဲ့ ကစားခဲ့ရပေမယ့် ဥရုဂွေးရဲ့တိုက်စစ်ကို အသာအယာထိန်းချုပ်နိုင်ခဲ့ပြီး ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပွဲအစမှာ ၂ သင်းစလုံးတိုက်စစ်ဖွင့်ပြီး ကစားခဲ့တာကြောင့် အတော်လေးအကြိတ်အနယ်ရှိခဲ့ပြီး ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်က အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲကစားချိန် ၃၉ မိနစ်မှာတော့ ကိုလံဘီယာက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ပေးပို့မှုမှတစ်ဆင့် ကွင်းလယ်လူ လာမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ လက်ရှိကစားထားတဲ့ ကိုပါအမေရိကပွဲစဉ် ၅ ပွဲမှာ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့် သမိုင်းတစ်လျှောက် ကိုပါအမေရိကပြိုင်ပွဲတစ်ခုအတွင်း ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဂိုးသွင်းယူနိုင်ပြီးနောက် ၆ မိနစ်အကြာမှာ မန်နူရယ်ယူဂါတီကို တံတောင်စာကျွေးခဲ့တဲ့ နောက်ခံလူ ဒန်နီယယ်မူနို့ဇ်က ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ကိုလံဘီယာတို့ ဒုတိယပိုင်းမှာ ကစားသမား ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ ကစားခဲ့ရတဲ့ ဥရုဂွေးဟာ ဝါရင့်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ကိုလံဘီယာနောက်တန်းရဲ့ ပြီးပြည့်စုံတဲ့ပိတ်ဆို့မှုကြောင့် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ပွဲပြီးကာနီးမှာ ကိုလံဘီယာက နောက်ထပ် ဦးဆောင်ဂိုးထပ်မံရရှိဖို့ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိလို့ ပထမပိုင်းက ရလဒ်အတိုင်းသာပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ကိုလံဘီယာဟာ နိုင်ငံတကာပွဲစဉ် ၂၈ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး လာမယ့်တနင်္လာနေ့မှာတော့ ဗိုလ်လုပွဲမှာ ကြိုစောင့်နေတဲ့ အာဂျင်တီးနားကို ဟတ်ဒ်ရော့ခ်အားကစားကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။