ဘုန်းမောက်အသင်းက အယ်လ်ချီအသင်းမှ အယ်လ်ဗာရို ရိုဒရီဂွက်ဇ်ကို ပေါင် ၂၅.၇ သန်းဖြင့် ခေါ်ယူ
စပိန်ကလပ် အယ်လ်ချီအသင်းကနေ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး အယ်လ်ဗာရို ရိုဒရီဂွက်ဇ်ကို ပေါင် ၂၅.၇ သန်းအထိ ရှိနိုင်တဲ့ ရေရှည်စာချုပ်တစ်ခုနဲ့ ခေါ်ယူဖို့ ဘုန်းမောက်အသင်းက အပြီးသတ်နိုင်ခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၂၅-၂၆ လာလီဂါရာသီမှာ ၃၄ ပွဲကစား၊ ၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် ဗိုက်တာလစ်တီးကွင်းကို ရောက်ရှိလာတာဖြစ်ပြီး အဲ့ဒီဂိုးတွေထဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့အပေါ် သွင်းယူခဲ့တဲ့ အမှတ်တရဂိုးတွေလည်း ပါဝင်ပါတယ်။
ရိုဒရီဂွက်ဇ်ဟာ ဂျီရိုနာနဲ့ ရီးရဲလ်မက်ဒရစ်အကယ်ဒမီတွေကနေ ထွက်ပေါ်လာသူဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ နည်းပြ အန်ဆယ်လော့တီးလက်ထက် စီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့် ရရှိခဲ့သူပါ။ ဂီတာဖေးနဲ့ အယ်လ်ချီအသင်းတွေမှာ ကစားခဲ့ပြီးနောက် အခုအခါမှာတော့ နည်းပြသစ် မာကိုရို့စ်ရဲ့ လက်အောက်မှာ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဝင်ပြိုင်ရမယ့် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ရိုဒရီဂွက်ဇ် ရောက်ရှိလာတာ ဖြစ်ပါတယ်။
"ဒီကိုရောက်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ကျွန်တော့်ရဲ့ဆန္ဒဟာ အခု ကျွန်တော့်မွေးနေ့မှာပဲ တကယ်ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ အိမ်မက်ပါ။
ကျွန်တော့်အေးဂျင့်က ဘုန်းမောက်အသင်းက စိတ်ဝင်စားတယ်လို့ ပြောတဲ့အချိန်မှာတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အခုအချိန်အထိ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအားလုံးဟာ ဒီအဆင့်သစ်အတွက် ပြင်ဆင်ပေးခဲ့တာဖြစ်လို့ အခုဆိုရင် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို ပိုတိုးတက်အောင်လုပ်ပြီး အစွမ်းပြသွားချင်ပါတယ်" လို့ ရိုဒရီဂွက်ဇ်က ကလပ်မီဒီယာကို ပြောကြားခဲ့ပါတယ်။