ကွာရာဘတ်ကို သရေကျခဲ့လို့ စိတ်ပျက်မိပေမယ့် အသင်းဖော် အက်စ်တီဗာအိုကိုတော့ ချီးကျူးခဲ့တဲ့ ရီစီဂျိမ်းစ်
ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ကွာရာဘတ်ကို ၂-၂ နဲ့သရေကျပြီး သရေတစ်မှတ်သာယူနိုင်ခဲ့တာကြောင့် စိတ်ပျက်မိကြောင်းပြောကြားခဲ့ပေမယ့် အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အက်စ်တီဗာအိုကတော့ ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်က လုံလောက်မှုမရှိခဲ့ကြောင်း ဂျိမ်းစ်က ဝန်ခံပြောကြားခဲ့သလိုပဲ ချဲလ်ဆီးဟာ ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပေမယ့် နောက်တန်းပိုင်း မလုပ်သင့်တဲ့အမှားတွေကြောင့် ကွာရာဘတ်ရဲ့ ၂-၁ နဲ့ဦးဆောင်ခြင်းကိုပါခံခဲ့ရပြီး ရှုံးနိမ့်ဖို့အထိပါ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်က "သူတို့ဘက်က ဂိုးတွေရသွားတော့ ပွဲရဲ့အရှိန်အဟုန်က ပြောင်းလဲသွားခဲ့ပါတယ်။ ကျွန်တော်တို့ လုံလောက်တဲ့စွမ်းဆောင်ရည် မပြသနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ပွဲကိုစောစောစီးစီး အပြီးဖြတ်နိုင်ဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရပါမယ်။ သုံးမှတ်အပြည့်မယူနိုင်ခဲ့တာ ကျွန်တော်တို့ရဲ့ညံ့ဖျင်းမှုကြောင့်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ညံ့ဖျင်းမှု ကို ဂျိမ်းစ်အနေနဲ့ ဝန်ခံခဲ့ပေမယ့် အသင်းဖော်အက်စ်တီဗာအိုနဲ့ပတ်သက်ပြီးတော့လည်း "အက်စ်တီဗာအိုက အံ့မခန်းကစားသမားတစ်ဦးပါ။ ကမ္ဘာကြီးကို ခြေထောက်အောက်မှာ ထားနိုင်တဲ့ကစားသမားမျိုးပါ။ သူက အသက်အရမ်းငယ်ပါသေးတယ်။ တိုးတက်ဖို့အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို ကျန်းမာဖို့နဲ့ အထိအခိုက်မဖြစ်စေဖို့ ကာကွယ်ရပါမယ်။ သူ့ကိုအသင်းမှာရလိုက်တာ ကျွန်တော်တို့အတွက် အရမ်းအားရှိစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်နင်္ဂနွေနေ့မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ကိုအိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ခြေစွမ်းပြနေတဲ့ အက်စ်တီဗာအိုကို ပွဲထွက်လူစာရင်းမှာထည့်သွင်းဖို့ နည်းပြအန်ဇိုမာရက်စ်ကာအပေါ် တောင်းဆိုမှုတွေမြင့်တက်နေပါတယ်။ အီတလီသားနည်းပြ မာရက်စ်ကာအနေနဲ့ အက်စ်တီဗာအိုကို ဝုဗ်နဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုလာဖို့မသေချာပေမယ့် ဘရာဇီးလူငယ်မှာ တောက်ပတဲ့အနာဂတ်တွေရှိနေတာကြောင့် အချိန်တန်ရင်တော့ ချဲလ်ဆီးရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာဖို့ရှိနေပါတယ်။