The network connection is lost.

Banner Image

ဖရန့်ခ်နေရာမှာ အာမိုရင်နဲ့အစားထိုးသင့်ကြောင်း ပြောကြားလာတဲ့ ကမ်းဘဲလ်

တော့တင်ဟမ်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က အသင်းအနေနဲ့ နည်းပြ သောမတ်စ်ဖရန့်ခ်နေရာမှာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ရူဘင်အာမိုရင်နဲ့အစားထိုးသင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ တော့တင်ဟမ်ဟာ အက်စတွန်ဗီလာကို ၁-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် သောမတ်စ်ဖရန့်ခ်အပေါ် ဖိအားတွေဝင်လာခဲ့ပြီး နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေကြောင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ 

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း တော့တင်ဟမ်ဟာ အဆင့် ၁၄ နေရာမှာရပ်တည်နေသလို၊ အက်ဖ်အေဖလားပြိုင်ပွဲနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေ နုတ်ထွက်ထားရတာကြောင့် ဒီရာသီမှာ အာရုံစိုက်စရာ ချန်ပီယံလိဂ်သာကျန်ရှိတော့တာဖြစ်ပါတယ်။ 

ဒါကြောင့် တော့တင်ဟမ်ဘုတ်အဖွဲ့အနေနဲ့ ဖရန့်ခ်ရဲ့နေရာမှာ နည်းပြသစ်နဲ့အစားထိုးဖို့ ကြိုးစားနေပြီး ယူနိုက်တက်မှထုတ်ပယ်ခံလိုက်ရတဲ့ အာမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နိုင်ကြောင်း ကမ်းဘဲလ်က ပြောကြားလာခဲ့ပါတယ်။ 

နောက်ခံလူဟောင်းက "တော့တင်ဟမ်က ရူဘင်အာမိုရင်ကို ချိတ်ဆက်‌နေလောက်ပါပြီ။ အခုတောင် ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ထင်ပါတယ်။ ဒါက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာမဟုတ်ပါဘူး။ အာမိုရင်အနေနဲ့ ‌ပေါ်တူဂီကိုပြန်သွားမယ်လို့ မထင်ပါဘူး။ တော့တင်ဟမ်နဲ့ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ ‌နောက်ကွယ်က စကားသံတွေထွက်နေတယ်ဆိုတာလည်း ကျွန်တော်ရိပ်မိပါတယ်"

"သောမတ်စ်ဖရန့်ခ်က ထိပ်တန်းနည်းပြတစ်ယောက်ပါ။ ဒါပေမယ့် သူ့အနေနဲ့ ဘရန့်ဖို့ဒ်လိုအသင်းမှာပဲ သင့်တော်ပါတယ်။ တော့တင်ဟမ်က တောင်းဆိုမှုတွေအရမ်းများတဲ့ အသင်းကြီးတစ်သင်းပါ။ အောင်မြင်မှုကိုလိုချင်သလို၊အောင်မြင်မှုလမ်းကြောင်းမှာလည်း ဆက်လျှောက်ချင်တဲ့အသင်းမျိုးပါ။ ဒါကြောင့် သူတို့ အခြားနည်းပြတွေကို ချိတ်ဆက်နေရင် ဒါက အံ့ဩစရာမဟုတ်ပါဘူး"

"အသင်းအနေနဲ့ နိုင်ပွဲတွေပြန်ရပြီး တိုးတက်မှုတွေပြသလာနိုင်ရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှမဟုတ်ရင် သူတို့ နည်းပြသစ်တွေကို ရှာဖွေနေမှာသေချာပါတယ်။ ဖရန့်ခ်အနေနဲ့ ပုံမှန်ဖြစ်တဲ့ ရလဒ်မျိုးကို တသမတ်တည်းထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ တော့တင်ဟမ်ဟာ ဖရန့်ခ်ရဲ့ဦးဆောင်မှုနဲ့အတူ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးထားပါတယ်။ တကယ်လို့ ဖရန့်ခ်အနေနဲ့ ရလဒ်ကောင်းတွေကို ပြန်လည်ပုံဖော်နိုင်ခြင်းမရှိပါက တော့တင်ဟမ်ဟာ အာမိုရင်ကိုနည်းပြသစ်အဖြစ်ခန့်အပ်သွားဖို့ အလားအလာကောင်းတွေရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။