အသင်းကြီးတွေရဲ့ သွေးဆောင်မှုကို သတိထားပြီး အပြောင်းအရွှေ့ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်ချဖို့ အဲလက်စ်စကော့ကို ဘုန်းမောက်ပိုင်ရှင် သတိပေး
ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကြယ်ပွင့် အဲလက်စ်စကော့ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြန်လည်မြင့်တက်လာမယ့် အခြေအနေအတွက် ဘုန်းမောက်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
နည်းပြဟောင်း အန်ဒိုနီအီရာအိုလာရဲ့ ဦးဆောင်မှုအောက် ဘုန်းမောက်က ပြီးခဲ့တဲ့ ရာသီအပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲ ဝင်ခွင့်ကို ရရှိခဲ့တာကြောင့် ဒီနှစ်နွေရာသီမှာ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် ကမ်းလှမ်းမှု အများအပြားကို ငြင်းပယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စကော့က ဘုန်းမောက်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသေးပေမဲ့ လက်ရှိအချိန်မှာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို ငြင်းဆန်ထားဆဲဖြစ်ပြီး အသင်းဘက်ကတော့ သူဆက်ရှိနေအောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ အီရာအိုလာရဲ့ လီဗာပူးတို့က ပိုမိုနီးကပ်စွာ ချဉ်းကပ်လာနေတာကြောင့် စကော့ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် အခွင့်အရေးအပေါ် ဘုန်းမောက်တို့အနေနဲ့ လက်တွေ့ကျကျ စဉ်းစားနေပြီး ပေါင် သန်း ၁၀၀ ဝန်းကျင်အထိ တောင်းဆိုသွားဖွယ် ရှိပါတယ်။
အသင်းပိုင်ရှင် ဘီလ်ဖိုလေက နောက်ဆုံးရ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ စကော့ဆီ သတိပေးစကားလည်း ပြောကြားခဲ့ပါတယ်။
ဖိုလေက"အဲလက်စ်အနေနဲ့ ဒီမှာပဲ ဆက်ရှိနေပြီး စာချုပ်သစ် ချုပ်ဆိုကာ ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရေရှည် လက်တွဲသွားတာကို ကျွန်တော်တို့ သဘောကျပါတယ်။
ကျွန်တော်တို့ လက်မလျှော့သေးပါဘူး၊ ဒါပေမဲ့ တစ်ခါတလေကျရင် ကစားသမားတွေက အသင်းကြီးတွေရဲ့ သွေးဆောင်မှုကို မျက်စိကျသွားတတ်ကြပြီး ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီးဆီ သွားတာက မှန်ကန်တဲ့ ရွေးချယ်မှုလို့ ထင်တတ်ကြပါတယ်။
ကျွန်တော်တို့အနေနဲ့ အခြေခံအဆောက်အအုံတွေကို ဆက်လက်ရင်းနှီးမြှုပ်နှံပြီး အသင်းတစ်သင်းလုံးမှာ တသမတ်တည်းရှိတဲ့ ဦးဆောင်မှုပုံစံကို တည်ဆောက်သွားမယ်ဆိုရင် ကစားသမားတွေကို ပိုပြီး ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒါက သူတို့ အမှန်တကယ် ရှိနေချင်တဲ့ ဆက်နေချင်တဲ့ နေရာတစ်ခုဖြစ်ပြီး တခြားအသင်းဆီ ကူးပြောင်းဖို့ သက်သက် မဟုတ်ဘူးဆိုတာကို ကစားသမားတွေ မြင်လာအောင် ကျွန်တော်တို့ သက်သေပြရပါမယ်၊ ဒါဟာ အောင်မြင်တဲ့ အသင်းတစ်သင်းကို အမှန်တကယ် တည်ဆောက်နိုင်မယ့် နည်းလမ်းပါပဲ" လို့ ပြောခဲ့ပါတယ်။