အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသလာနိုင်ပြီးနောက် အက်စတွန်ဗီလာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်လာတဲ့ ဘွန်ဒီယာ
အက်စတွန်ဗီလာကွင်းလယ်လူအီမီလီယာနိုဘွန်ဒီယာက ၂၀၂၉ ခုနှစ်၊ ဇွန်လအထိ ပရီးမီးယားလိဂ်ကလပ်အသင်းမှာ ဆက်ရှိနေနိုင်မယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
Mail Sport ရဲ့ဖော်ပြချက်အရ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆွေးနွေးမှုတွေမှာ အပြုသဘောဆောင် တိုးတက်လာခဲ့ပြီး နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိရန် နီးစပ်နေပြီလို့ သိရပါတယ်။
အာဂျင်တီးနားကစားသမားရဲ့လက်ရှိစာချုပ်က အခုဘောလုံးရာသီကုန်ဆုံးချိန် သက်တမ်းပြည့်မြောက်သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ နည်းပြအူနိုင်းအမ်မရီလက်အောက်မှာ အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြန်လည်ရရှိလာပြီးနောက် ကစားသမားနဲ့ ကာလရှည်လက်တွဲသွားဖို့ အက်စတွန်ဗီလာအသင်း စိတ်ပိုင်းဖြတ်လာပါတယ်။
အသက် ၂၉ နှစ်အရွယ်ဘွန်ဒီယာက အတိတ်မှာ ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပေမဲ့ အခုဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကို ပွဲထွက်ပါဝင်ခွင့် ရရှိပြီး အသင်းအတွက် သြဇာလွှမ်းမိုးမှုရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သက်သေပြထားပါတယ်။
ဒီကွင်းလယ်ကစားသမားက ပြီးခဲ့တဲ့မေလ၊ အစ္စတန်ဘူမှာ ဖရိုင်းဘတ်ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဆုဖလားဆွတ်ခူးချိန် အက်စတွန်ဗီလာအတွက် အံ့ဖွယ်သွင်းဂိုးတစ်ဂိုး ရယူပြီး အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် လတ်တလော တော့တင်ဟမ်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်း နောက်ထပ်လှပတဲ့သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။