The network connection is lost.

Banner Image

ဝိန်းရွန်းနီရဲ့သား ကိုင်ရွန်းနီကို ဖရေဇာကမ်းဘဲလ် ချီးကျူး

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဖရေဇာကမ်းဘဲလ်က ကလပ်ဂန္ထဝင်ဝိန်းရွန်းနီရဲ့သားဖြစ်သူ ကိုင်ရွန်းနီကို ချီးကျူးပြောဆိုလာခဲ့ပြီး လူငယ်ကစားသမားဟာ အနာဂတ်မှာ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ ယခုလအစောပိုင်းက ရွန်းနီနဲ့သူ့ရဲ့ဇနီးဖြစ်သူ ကောလင်းတို့ဟာ ကိုင်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ကိုင်ဟာ အသက်-၁၆ နှစ်အရွယ်သာရှိသေးပေမယ့် ယူနိုက်တက်ရဲလူငယ်အသင်းတွေမှာ ထင်ရှားစွာပါဝင်ကစားနေပြီး တိုးတက်မှုတွေပြသနေကာ အဖေဖြစ်သူ ရွန်းနီရဲ့ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း မြောက်အိုင်ယာလန်မှာကျင်းပခဲ့တဲ့ စူပါကပ်ပြိုင်ပွဲမှာ ကိုင်ဟာ အသက်-၁၅ နှစ်သာရှိသေးပေမယ့် ယူနိုက်တက်ယူ-၁၉ သင်းအတွင်းပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကမ်းဘဲလ်က "ကိုင်က ယူနိုက်တက်ယူ-၁၈ နဲ့ ယူ-၂၃ အသင်းတွေမှာကစားနိုင်ခဲ့ပါတယ်။ ဒါကအရမ်းကောင်းတဲ့အလားအလာပါ။ တကယ်လို့ သူ့မှာသာ သူ့အဖေလိုပါရမီပါလာမယ်ဆိုရင် ယူနိုက်တက်အနာဂတ်အတွက် အရမ်းကောင်းလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ရွန်းနီငယ်ငယ်ကလည်း ယူနိုက်တက်အတွက် အရမ်းအရေးပါခဲ့လို့ပါ။ အခုချိန်အထိလည်း ရွန်းနီက ဘောလုံးကန်တာ အရမ်းကောင်းပြီး နိုင်ပွဲတွေအတွက် ဆာလောင်မှုရှိနေတုန်းပါ"

"တကယ်လို့ ကိုင်သာ ယူနိုက်တက်အတွက်ကစားခွင့်ရမယ်ဆိုရင် ရွန်းနီတို့မိသားစုမှာ နောက်ထပ် ရွန်းနီတစ်ယောက်ကို ထပ်မြင်ရဖို့ အခွင့်အရေးရှိပါတယ်။ ပရိသတ်တွေအတွက်လည်း ဒါက အတော်လေးအားရစရာဖြစ်စေမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ရွန်းနီကို သူ့သားရဲ့ဘောလုံးစွမ်းရည်နဲ့ပတ်သက်ပြီးမေးမြန်းရာမှာတော့ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ကျွန်တော်ကတော့ သူ့ကိုကစားခွင့်ပြုထားတာပါပဲ။ စူပါဖလားပြိုင်ပွဲမှာ သူတို့ ၃-၀ နဲ့စနိုင်ခဲ့ပြီး အဲဒီပွဲမှာ သူတစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပါတယ်။ ဒီတော့ အဆင်ပြေတယ်လို့ပြောရမှာပေါ့။ ဒါပေမယ့် သူကအရာအားလုံးကိုလုပ်နိုင်မယ်လို့ လူတွေမျှော်လင့်တာကတော့ တရားမျှတမှုမရှိပါဘူး။ သူကအခုမှ အသက်-၁၅ နှစ်အရွယ်ကလေးတစ်ယောက်ပဲရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။

ရွန်းနီဟာ အသက်-၁၆ နှစ်အရွယ်မှာပဲ အဲဗာတန်အသင်းအတွက်စတင်ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာအောင်မြင်မှုတွေဆက်တိုက်သိမ်းပိုက်ခဲ့ကာ ဘောလုံးလောကရဲ့ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒါကြောင့်ကိုင်အနေနဲ့လည်း ယူနိုက်တက်စီနီယာအသင်းမှာ ဘယ်အချိန်စတင်ကစားခွင့်ရမလဲ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။