The network connection is lost.

Banner Image

အာဆင်နယ်ဆီ ပြောင်းရွှေ့သွားပါလိမ့်မယ်လို့ ဖွင့်ဟပြောဆိုလာတဲ့ ကာလာဖီအိုရီရဲ့ ချစ်သူဟောင်း

ကာလာဖီအိုရီရဲ့ ဘိုလော့ဂ်နာမှ အာဆင်နယ်ဆီ ငွေလုံးငွေရင်းပမာဏကြီးမားစွာဖြင့်ပြောင်းရွှေ့နိုင်ရေး ညှိနှိုင်းမှုတွေက အောင်အောင်မြင်မြင်အဆုံးသတ်လိုက်နိုင်ပြီလို့ ကစားသမားရဲ့ချစ်သူဟောင်းထံမှ သိရပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ အီတလီလက်ရွေးစင်ကစားသမားက အာဆင်နယ်ရဲ့ အခုနွေရာသီအတွက် အပြောင်းအရွှေ့အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ အာတီတာကိုယ်တိုင်ကလည်း အခုအပြောင်းအရွှေ့ဈေးကွက်မှာ သူ့ရဲ့လူစာရင်းအတွက် ဘယ်ခြမ်းဗဟိုခံစစ်မှူးတစ်ဦး အလိုရှိနေပါတယ်။ အပြောင်းအရွှေ့ညှိနှိုင်းမှုတွေ ပျက်ပြားသွားစေနိုင်တဲ့အထိ ဆုတ်ယုတ်မှုအချို့ရှိခဲ့ပေမယ့် ကာလာဖီအိုရီကို ခေါ်ယူနိုင်ရေး ဂန်းနားတွေ အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အမ်းမရိတ်စ်ဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူထားနိုင်တဲ့ အာဆင်နယ်က ကစားသမားအတွက် ဘိုလော့ဂ်နာဆီ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ ပေးချေသွားမယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ယမန်နေ့(စနေနေ့) ညနေခင်းမှာတော့ ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ညှိနှိုင်းမှုတွေဟာ အောင်အောင်မြင်မြင်အဆုံးသတ်သွားပြီလို့ ပုံမှန်မဟုတ်တဲ့သတင်းရင်းမြစ်တစ်ခုဆီမှ ထုတ်ပြန်ကြေညာလာပါတယ်။

မကြာသေးမီကာလအထိ ကာလာဖီအိုရီရဲ့ရည်းစားဖြစ်ခဲ့သူ ဘိုမီက သူတို့နှစ်ဦးအကြား ဆက်ဆံရေးအကြောင်း လူမှုကွန်ရက်မှတဆင့် မျှဝေအသိပေးလာရာမှာ ပရီးမီးယားလိဂ်ထိပ်သီးဆီ ကစားသမားရဲ့ပြောင်းရွှေ့မှု ပြီးမြောက်သွားပြီလို့ ဖော်ပြပါရှိလာပါတယ်။

Instagram လူမှုကွန်ရက်မှတဆင့် ဘိုမီက " လူအတော်များများက ကျွန်မဘဝမှာ ဘာတွေဖြစ်နေသလဲဆိုပြီး မေးနေကြတာကြောင့် နောက်ဆုံးမှာတော့ ဒီအကြောင်းအရာကို အသိပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုအချိန်မှာ ကာလာဖီအိုရီနဲ့ ကျွန်မ လမ်းခွဲလိုက်ပါပြီ။

ကျွန်မတို့တွေ ရှေ့ခရီးဆီ ကိုယ်စီလျှောက်လှမ်းနိုင်မလားဆိုတာ ကျွန်မလည်း မသိရသေးပါဘူး။ ဒါပေမယ့် သံသယတော့ဖြစ်မိပါတယ်။ ပြီးခဲ့တဲ့ သုံး၊လေးရက်တာကာလအတွင်း ဖြစ်ပျက်ခဲ့သမျှကို စီမံဆောင်ရွက်နိုင်ဖို့  အချိန်အနည်းငယ်တော့လိုအပ်ပါတယ်။ ကျွန်မအတွက် အချိန်လိုအပ်နေပါသေးတယ်။ 

အခုသီတင်းပတ်အတွင်း Tik Tok မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုကို ကျွန်မဆီလာပြပေးသူတိုင်းအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ အမှန်တရားကို သိရှိထားဖို့ဆိုတာ ကျွန်မအတွက် အရေးကြီးပါတယ်။

ကျွန်မ ဒီဗီဒီယိုကို အကြိမ်မရေတွက်နိုင်လောက်အောင် ကြည့်ရှုခဲ့ပြီးပါပြီ။ ခွင့်လွှတ်ပေးဖို့၊ မေ့ပျောက်ပေးဖို့အတွက် အကြောင်းပြချက်တစ်ခုရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ပါဘူး။ ကျွန်မတို့နှစ်ဦးကြားမှာလည်း ဒီအကြောင်းဆွေးနွေးခဲ့ပေမယ့် ကျွန်မရဲ့မေးခွန်းတွေအတွက် တိကျတဲ့အဖြေမရရှိခဲ့ပါဘူး။

ဒါက ကျွန်မတို့နှစ်ဦးအကြား ရက်အတန်ကြာစဉ်းစားပြီးနောက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ရပါတယ်။ ကျွန်မတို့နှစ်ဦးလုံး ဒါကိုမလိုချင်ကြပေမယ့် ဖြစ်ပြီးတဲ့အရာတွေလည်း ဖြစ်ပြီးသွားပြီမလို့ ကျွန်မကိုယ်တိုင်လည်း မကူညီနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီအရာတွေနဲ့ဝေးရာဆီ ထွက်ပြေးသွားချင်နေပါပြီ။

ကျွန်မအပေါ် (သို့မဟုတ်) ကာလာဖီအိုရီအပေါ် မုန်းတီးမှုမျိုးကို ကျွန်မ မလိုချင်ပါဘူး။ အာဆင်နယ်ဆီ ပြောင်းရွှေ့ပြီးရင် အကောင်းဆုံးဖြစ်လာပါစေလို့ပဲ ကျွန်မဆုတောင်းပေးပါတယ်။ သူ့ကို ကျွန်မ အားပေးနေမှာပါ။

ကျွန်မရဲ့ Follower တွေလည်း ကျွန်မအနားမှာ ကာလာဖီအိုရီမရှိတော့လို့ ကျွန်မကို unfollow လုပ်မယ်ဆိုလည်း လုပ်နိုင်ပါတယ်။ အားနာစရာမလိုပါဘူး။ နားလည်ပေးကြလို့ ကျေးဇူးတင်ပါတယ်"လို့ အသိပေးလာခဲ့ပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေသလို ဘိုမီကိုယ်တိုင်ရည်ညွှန်းထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကာလာဖီအိုရီကို အခြားအမျိုးသမီးတစ်ဦးနဲ့အတူ ပါတီပွဲတစ်ခုဆီ ရောက်ရှိနေတဲ့ပုံရိပ်တွေ ပါဝင်ပါတယ်။

အခုအပြောင်းအရွှေ့ကိုသာ တရားဝင်ကြေညာနိုင်မယ်ဆိုရင် ဒါက ဒေးဗစ်ရာယာကို အပြီးသတ်ခေါ်ယူပြီးနောက် အခုနွေရာသီကာလအတွင်း ဂန်းနားတွေရဲ့ဒုတိယမြောက်ကစားသမားသစ်ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အေဂျက်စ်ဂိုးသမားတိုနီဆတ်ဖို့ဒ်ကို ခေါ်ယူပြီးနောက် တတိယမြောက်လူသစ်စုဆောင်းမှု ဖြစ်လာနိုင်ပါတယ်။