The network connection is lost.

Banner Image

အသက် ၁၈ နှစ်အရွယ် ဂိုးသမားကို ခေါ်ယူကြောင်း အတည်ပြုလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ ဂိုးသမားနေရာတွေက သိသိသာသာပြောင်းလဲလာခြင်းနဲ့အတူ အေဂျက်စ်မှ အသက် ၁၈ နှစ်အရွယ် အင်္ဂလန်လူငယ်လက်ရွေးစင်ဂိုးသမား ဆက်ဖို့ဒ်က ရောက်ရှိလာပါတယ်။ ၂၀၀၆ ခုနှစ်ဖွား ဆက်ဖို့ဒ်ဟာ ၂၀၂၇-၂၈ ရာသီကုန်အထိ ၄ နှစ် သက်တမ်းရှိစာချုပ်ဖြင့် အမ်းမရိတ်သို့ရောက်ရှိလာပြီး နောက်ထပ် ၁ နှစ်အတွက် သက်တမ်းတိုးရန် ရွေးချယ်စရာ ပါ၀င်တယ်လို့ ယုံကြည်ရပါတယ်။

အသက် ၈ နှစ်အရွယ်ကတည်းက အစ်ကိုဖြစ်သူနှင့်အတူ အေဂျက်စ်သို့ရောက်ရှိခဲ့တဲ့ ဂိုးသမားချာလီဆက်ဖို့ဒ်အတွက် အာဆင်နယ်ဟာ ရွှေ့ကြေး ပေါင် ၁ သန်းအောက် ပေးချေခဲ့ရတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ အာတီတာရဲ့အသင်းနှင့် ချက်ခြင်းလေ့ကျင့်မှာဖြစ်သော်လည်း ပထမအသင်းသို့ ရောက်လာမယ့်အစား ၂၀၂၄-၂၅ ရာသီအတွက် အာဆင်နယ်ရဲ့အကယ်ဒမီအဆင့်တွင် ပါဝင်မှာဖြစ်ပါတယ်။

အာဆင်နယ်အကယ်ဒမီမန်နေဂျာနှင့် နောက်ခံလူဟောင်း မာတီဆက်ကာက "တွမ်မီအတွက် အာဆင်နယ်ကနေ ကြိုဆိုပါတယ်။ သူက အလားအလာရှိတဲ့ လူငယ်ဂိုးသမားဖြစ်ပြီး လာမယ့်နှစ်တွေမှာ သူ့ရဲ့တိုးတက်မှုကို ပံ့ပိုးပေးဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့နှင့်အတူ သူ့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတွက် ပထမဆုံးခြေလှမ်းက ယူ ၂၁ အကယ်ဒမီအသင်းတွင် ပူးပေါင်းပြီး ပထမအသင်း ဂိုးသမားအဖွဲ့နှင့် ပုံမှန်လေ့ကျင့်ရန်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

အမေရိက ရာသီကြိုခရီးစဉ်အတွက် အာတီတာရဲ့အသင်းနဲ့ ပူးပေါင်းဖို့ မျှော်လင့်နေတဲ့ ဆက်ဖို့ဒ်က သူ့ကိုအခွင့်အရေးပေးခဲ့တဲ့ ဂန်းနားကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့အနာဂတ် အသင်းဖော် နှစ်ယောက် ဖြစ်တဲ့ နွမ်နာရီ၊ လူးဝစ်စ်စကယ်လီတို့နဲ့ ရင်းနှီးနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ "ဒီအခွင့်အရေးအတွက် အာဆင်နယ်ကို ကျေးဇူးတင်ချင်ပါတယ်။ အသင်းသို့ရောက်ဖို့ မစောင့်နိုင်တော့ဘူး။ ကျွန်တော်က နွမ်နာရီနဲ့ လူးဝစ်စ်စကယ်လီတို့ကို သိထားပြီးသားပါ။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်ပြီး သူတို့နဲ့လည်း ပျော်ရွင်နိုင်မှာပါ။ သူတို့နဲ့ ခဏလောက် စခန်းသွင်းလေ့ကျင့်ခဲ့ဖူးတဲ့အတွက် ကောင်းကောင်းသိပါတယ်" "နောက်ရာသီမှာ အသစ်အသစ်တွေကို သင်ယူပြီး နောက်တစ်ဆင့်တက်လှမ်းဖို့ မျှော်လင့်နေပါတယ်။ ရေတိုမှာ အဖွဲ့အတွက် ကောင်းမွန်တဲ့ခံစားချက်တစ်ခုရဖို့နဲ့ လူတိုင်းကို စတင်သိကျွမ်းဖို့က အရမ်းအရေးကြီးပါတယ်" လို့ ဆက်ဖို့ဒ်က ပြောပါတယ်။

ဆက်ဖို့ဒ်သည် အေဂျက်အတွက် ပထမအသင်းတွင် ပွဲဦးထွက်မကစားဖူးသော်လည်း ဟာလင်ဖွားဂိုးသမားဟာ ယူ ၁၈ အသင်းအတွက် ၃၃ ပွဲကစားထားကာ Clean Sheet ၁၄ ကြိမ် နှင့် ယူအီးအက်ဖ်အေလူငယ်လိဂ်တွင် ဥရောပအတွေ့အကြုံများကိုလည်း ရရှိထားပါတယ်။ ဆက်ဖို့ဒ်ဟာ အစ်ကိုဖြစ်သူ ကစားပေးနေတဲ့ အေဂျက်စ် ယူ-၂၁ အသင်းအတွက်လည်း အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

သူဟာ အင်္ဂလန် ယူ-၁၆ မှ ယူ-၁၉ အဆင့်အထိ ကိုယ်စားပြုကစားထားကာ ယမန်နှစ်က ယူ-၁၇ ယူရိုနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ကစားခဲ့ပါတယ်။ အဆိုပါဆယ်ကျော်သက် ဂိုးသမားဟာ ဆွီဒင်၊ အိုင်ယာလန်တို့နှင့် ခြေစမ်းပွဲများတွင် အင်္ဂလန်ယူ-၂၀ လက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံခဲ့ရပြီး အရန်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

မြောက်လန်ဒန်သို့ ဆက်ဖို့ဒ်ရောက်ရှိလာပြီးနောက်တွင် ဂန်နာတို့ဟာ ယခုအခါ ဘိုလော့ဂ်နာဗဟိုနောက်ခံလူ ရစ်ကာဒို ကလာဖီအိုရီအတွက် ယူရို ၄၅ သန်း (ပေါင် ၃၇.၉ သန်း) ဖြင့် သဘောတူညီမှုရရှိရန် ကြိုးပမ်းနေပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နံပါတ် ၉ နေရာအတွက် ခေါ်ယူဖို့ စီစဉ်နေပုံရပေမယ့် ရမ်စ်ဒေးလ် ထွက်ခွာသွားပါက စီနီယာဂိုးသမားသစ်တစ်ဦးကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားလာမှာဖြစ်ပြီး အာတီတာက ရာသီသစ်မစတင်မီမှာ အမ်းမရိတ်စ်ထံ ကွင်းလယ်လူသစ်တစ်ဦးကို ခေါ်ယူသွားဖို့ မျှော်လင့်နေပါတယ်။

ဂန်းနားတွေဟာ စနေနေ့က လေ့ကျင့်ရေးကွင်းမှာ ခြေစမ်းပွဲမှာ လေတန်အိုးရီးရင့် ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ သူတို့ရဲ့ အမေရိကခရီးစဉ်ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။