
နယူးကာဆယ်ကစားသမားတစ်ဦးရဲ့ မယုံကြည်နိုင်စရာစွမ်းဆောင်ရည်အကြောင်း ဖွင့်ဟလာတဲ့ ဆာကာ
ဆာကာက ကွင်းလယ်ဒိုင်နဲ့ နယူးကာဆယ်ကစားသမားတစ်ဦးကြောင့် အာဆင်နယ်တို့ နိုင်ပွဲနဲ့ဝေးကွာလုနီးပါး ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ ဂန်းနားတွေက တနင်္ဂနွေနေ့၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ မာဂယ်လ်ဟေးစ်ရဲ့နာကျင်အချိန်ပိုခေါင်းတိုက်သွင်းဂိုးဖြင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲ ရရှိခဲ့ပါတယ်။
အထူးသဖြင့် အခုပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကို လက်စွမ်းပြကာကွယ်ခဲ့တဲ့ နယူးကာဆယ်ဂိုးသမားနစ်ပုတ်အပါအဝင် ဘော့မန်း၊ သီအောနဲ့ ဒန်ဘန်းတို့ရဲ့စွမ်းဆောင်ရည်ပိုင်းက အိမ်ရှင်တွေအတွက် ဂုဏ်မငယ်စေခဲ့ပါဘူး။ ဒါ့အပြင် အာဆင်နယ်အသင်းရရှိတဲ့ ပထမပိုင်းပယ်နယ်တီအခွင့်အရေးကိုလည်း VAR အကူအညီဖြင့် ကွင်းလယ်ဒိုင်က ပြန်လည်ပယ်ဖျက်ခဲ့ပါတယ်။
အခုလိုဆုံးဖြတ်ချက်တွေအပေါ် မကျေမနပ်ဖြစ်နေကြချိန်မှာပဲ ဆာကာက နစ်ပုတ်ရဲ့တနင်္ဂနွေနေ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးဂုဏ်ပြု ဖို့ အချိန်ယူသွားခဲ့ပါတယ်။ ပွဲစဉ်အပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားက အခုနိုင်ပွဲဟာ သူနဲ့ သူ့အသင်းဖော်တွေအတွက် ဘာကြောင့်အဓိပ္ပါယ်ပြည့်ဝနေသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
ဆာကာက “ အတိတ်ကာလ၊ ဒီကွင်းမှာလာကစားချိန် ကျွန်တော်တို့အတွက် နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေ ရှိခဲ့ဖူးပါတယ်။ ဒီနေ့မှာလည်း ပယ်နယ်တီနဲ့ အချို့ဆုံးဖြတ်ချက်တွေအပါအဝင် အရာအားလုံးနီးပါး ကျွန်တော်တို့ကို နစ်နာစေခဲ့ပါတယ်။ နစ်ပုတ်ကတော့ ထူးရှယ်လက်စွမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း စိတ်ရှည်သည်းခံမှု၊ ဒူပေနာပေခံမှုတွေကို ပြသရင်း ရလဒ်ကောင်း ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းဖော်တွေအားလုံးအတွက် ဂုဏ်ယူမိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ ကြီးမားတဲ့ကြေညာချက်တစ်ခုကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်လွန်းပါတယ်။ ဒါကို ကျွန်တော်တို့အားလုံးရဲ့မျက်နှာသွင်ပြင်မှာလည်း မြင်တွေ့နိုင်ပါတယ်”လို့ ပြောပါတယ်။