The network connection is lost.

Banner Image

အေစီမီလန်ဗဟိုခံစစ်မှူး သီအောကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ အေစီမီလန်ဗဟိုခံစစ်မှူး မာလစ်ခ်သီအောကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ကစားသမားဟာ အင်္ဂါနေ့မှာ ဆေးစစ်မှုတွေပြုလုပ်ဖို့ အီတလီမှ ထွက်ခွာလာမှာဖြစ်ပါတယ်။ 

နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီဟာ သီအောကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်။ ၂၀၂၃-၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ နယူးကာဆယ်ဟာ အေစီမီလန်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး သီအောရဲ့ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကြောင့် အဆိုပါပွဲစဉ်မှာ အက်ဒီဟိုဝီရဲ့အသင်းဟာ ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ 

ဒါကြောင့် ဟိုဝီအနေနဲ့ ဂျာမန်လက်ရွေးစင်ကို ၂၀၂၄ နွေရာသီမှာခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် ယခုအခါမှသာ အပြောင်းအရွှေ့ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီအတွင်း နယူးကာဆယ်ဟာ နော်တင်ဟမ်ဖောရက်စ်တောင်ပံကစားသမား အန်သိုနီအီလန်ဂါကို အပြီးသတ်ခေါ်ယူထားသလို၊ ဆောက်သမ်တန်ဂိုးသမား အာရွန်ရမ့်စ်ဒေးကိုလည်း တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူထားပြီးဖြစ်ပါတယ်။

နယူးကာဆယ်အနေနဲ့ လက်ရှိအချိန်မှာ ကစားသမား ၃ ဦးအထိခေါ်ယူထားနိုင်ပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ကာလအတွင်း ပစ်မှတ်ထားခဲ့တဲ့ ကစားသမား အများစုကို ပြိုင်ဘက်အသင်းတွေထံ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ဟူဂိုအက်ကီတီကီကို လီဗာပူးထံဆုံးရှုံးခဲ့ပြီး၊ ဘရိုင်ယန်အမ်ဘွေမိုကို ယူနိုက်တက်ထံဆုံးရှုံးခဲ့ရသလို လီယမ်ဒီလပ်၊ ဂျာအိုပက်ဒရို၊ ဒင်းဟွိုင်ဆန်နဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်တို့ကိုလည်း ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ထံ ဆုံးရှုံးထားခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ သီအောက "အေစီမီလန်မှာရှိတဲလူတိုင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ဒီမှာ ကျွန်တော်အများကြီးသင်ယူခဲ့ရပါတယ်။ နယူးကာဆယ်ကိုရွေးချယ်ခွင့်ရခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ပရီးမီးယားလိဂ်မှာကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ပြောကြားခဲ့ပါတယ်။

အသက်-၂၄ နှစ်အရွယ်နောက်တန်းကစားသမားဟာ အေစီမီလန်အတွက် စုစုပေါင်း ၈၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ရာသီက စူပါကိုပါအီတလီယာနာဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမယ့်ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ သီအောကို ပရိသတ်နဲ့စတင်မိတ်ဆက်သွားဖွယ်ရှိပါတယ်။