The network connection is lost.

Banner Image

အာဆင်နယ်နဲ့ပွဲမတိုင်ခင် အဓိကကစားသမား ၃ ဦးဒဏ်ရာပြဿနာရှိနေတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက လာမယ့်တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲကို အဓိကကစားသမား ၃ ဦးလွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။ နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချဲလ်ဆီးကိုအနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်နေခဲ့တာဖြစ်ပါတယ်။ ဒီရာသီ ၄ ပွဲဆက်နိုင်ပွဲရရှိထားတဲ့နယူးကာဆယ်ဟာ အာဆင်နယ်ကိုအနိုင်ရခဲ့ရင် အဆင့် ၂ နေရာအထိ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ကာရာဘောင်ဆီမီးဖိုင်နယ်မှာ နယူးကာဆယ်ဟာ အာဆင်နယ်ကို ၂ ကျော့စလုံးအနိုင်ကန်ထားနိုင်ခဲ့ပါတယ်။ အခုပရီးမီးယားလိဂ်မှာလည်း ထပ်မံအနိုင်ယူဖို့ ပြင်ဆင်နေပေမယ့် အာဆင်နယ်နဲ့ပွဲကို ထရစ်ပီယာ ၊ ဘော့တ်မန်းတို့ လွဲချော်ဖွယ်ရှိနေပါတယ်။ “ကီရန်က အခုအပတ်မှာ ကြံ့ခိုင်မှုပြည့်ဝမယ်လို့ ကျွန်တော်မထင်ပါဘူး။ သူ့ဒဏ်ရာအခြေအနေက မကြီးမားပဲ အသေးစားပေါင်ဒဏ်ရာရရှိနေတာပါ။ ဘော့တ်မန်းကတော့ ဒူးဒဏ်ရာရရှိနေတာဖြစ်ပြီး အခုအပတ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဒါပေမယ့် သူကြံ့ခိုင်မှုပြည့်ဝခဲ့ရင်တော့ အခွင့်အရေးပေးမှာပါ။အဲ့တာက ပြင်းထန်တယ်လို့ မထင်ပါဘူး။ သူကံမကောင်းတာပါ။ သူ့နေရာက အခုလိုမျိုးအခြေအနေတွေဖြစ်တတ်ပါတယ်။ နောက်ဆုံး ၂ ပွဲမှာ သူက ကံမကောင်းခဲ့တာပါ”လို့ ဟိုဝီက ဖြေကြားခဲ့ပါတယ်။

ဟိုဝီက ဂျိုလင်တန်အခြေအနေကလည်း မသေချာသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။ “သူနောက်ကွယ်မှာ အလုပ်လုပ်နေပါတယ်။ ကြံ့ခိုင်မှုပြည့်ဝအောင်လုပ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူပါဝင်ချင်တာကြောင့်ပါ။ ဒီရာသီမှာ သူ့အခြေအနေက မသေချာသေးပါဘူး။ လာမယ့်နှစ်အတွက်တော့ သူအဆင်သင့်ဖြစ်နေနိုင်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့မှာ ကျွန်တော်တို့ကစားသမား ၂ ဦးကို လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လူအင်အားနည်းပါးပေမယ့် ဒီရာသီအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အသင်းဒဏ်ရာအခြေအနေက အဆိုးဝါးဆုံးအနေအထားမဟုတ်ခဲ့ပဲ အဓိကကစားသမားတော်တော်များများ ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန်ရာသီပိတ်ပွဲစဉ်တွေကို သေချာလေးကန်ရပါမယ်။ ရာသီမကုန်ခင်အထိ ကျွန်တော်တို့ အခုအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။