The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်အချို့ကိုလွဲချော်မယ့် အာဆင်နယ်စတား

အာဆင်နယ်တောင်ပံကစားသမား ဆာကာတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် အခုလာမယ့်အပတ်လီဗာပူးနဲ့ပွဲကို သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာအခြေအနေအပေါ်မူတည်ပြီး လာမယ့်စီးတီးနဲ့ပွဲလောက်အထိ လွဲချော်နိုင်တယ်လို့ သိရပါတယ်။ 

ဆာကာဟာ လိဒ်ယူနိုက်တက်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒုတိယမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ဆာကာကော အိုဒီဂတ်ပါ ဒဏ်ရာအသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်။ အာတီတာက ဆာကာအခြေအနေနဲ့ပတ်သက်ပြီး ပြောကြားခဲ့သလို ပရိသတ်တွေက ပြီးခဲ့တဲ့ရာသီတုန်းကလို ၄ လလောက်နားရမှာ စိုးရိမ်နေပါတယ်။

ဒါပေမယ့် ဘီဘီစီသတင်းဌာနကတော့ ဆာကာတစ်ယောက် ၄ ပတ်လောက်သာ နားရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ အဆင်မပြေခဲ့ရင် အသက် ၂၃ နှစ်သားဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် ဆာကာဟာ လီဗာပူး ၊ နော်တင်ဟမ် ၊ အာဆင်နယ်ရဲ့ပထမဆုံးချန်ပီယံလိဂ်ပွဲအပြင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဖြစ်တဲ့ အန်ဒိုရာ ၊ ဆားဘီးယားနဲ့ပွဲတွေကိုပါ လွဲချော်မှာဖြစ်ပါတယ်။

တကယ်လို့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝခဲ့မယ်ဆိုရင်တော့ လာမယ့်စက်တင်ဘာ ၂၁ ရက်နေ့ မန်စီးတီးနဲ့ကန်မယ့်ပွဲမှာ ဆာကာတစ်ယောက် ပြန်လာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း အတိအကျကတော့ ဆာကာအနေနဲ့ လာမယ့်စက်တင်ဘာ ၂၂ ရက်နေ့ ပထမဆုံးကာရာဘောင်ဖလားပွဲမှာမှ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

အာဆင်နယ်ဟာ စက်တင်ဘာ ၂၈ ရက်နေ့မှာ နယူးကာဆယ်နဲ့ကန်ရမှာဖြစ်ပြီး အိုဒီဂတ်အနေနဲ့လည်း လီဗာပူးနဲ့ပွဲကို ပါဝင်လာနိုင်ချေရှိနေပါတယ်။ ဆာကာ နဲ့ အိုဒီဂတ်တို့ဒဏ်ရာရခဲ့တာက အာဆင်နယ်အတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပေမယ့် အာတီတာမှာ ရွေးချယ်စရာတွေများပြားနေဆဲဖြစ်ပါတယ်။

လိဒ်နဲ့ပွဲမှာ အီသန် နဲ့ ထရိုဆက်တို့အပြင် အသက် ၁၅ နှစ်သား ဒေါင်းမန်းလေးပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီအပြင် လာမယ့်လီဗာပူးနဲ့ပွဲမှာ အီဇီးလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ 
ညာခြမ်းမှာတော့ ဆာကာနေရာကို မာဒူကီက အစားဝင်ဖွယ်ရှိနေပါတယ်။ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းတစ်ဦးကတော့ “မာဒူကီက ညာခြမ်းမှာကစားနိုင်ပါတယ်။ အဲ့တာကြောင့် အာတီတာက ခေါ်ယူခဲ့တာပါ။ သူက ဆာကာလိုကစားနိုင်မယ်လို့ ကျွန်တော်ပြောတာမဟုတ်ပါဘူး။ သူက အဲ့တောင်ပံမှာကစားနိုင်ပါတယ်။ ဆာကာနေရာကို ဖြည့်နိုင်ပါတယ်။ အခုတော့ သူ့အတွက် အခွင့်အရေးရလာခဲ့ပါပြီ”လို့ သူက ပြောကြားခဲ့ပါတယ်။